ခင်ဦးတွင် စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်ခွာသွားပြီယူဆပြီး ရွာထဲပြန်ဝင်သူ ပစ်သတ်ခံရ

By 008 (မဇ္ဈိမ)
16 October 2023
ခင်ဦးတွင် စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်ခွာသွားပြီယူဆပြီး ရွာထဲပြန်ဝင်သူ ပစ်သတ်ခံရ
ဓါတ်ပုံ-ခင်ဦးမြို့နယ်၊သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီဟု ယူဆပြီး ကျေးရွာအတွင်ပြန်ဝင်လာသူတဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ခင်ဦးမြို့နယ်အနောက်တောင်ခြမ်းရှိ ညောင်ပင်ကြီးစုကျေးရွာကို အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ကြရပြီး ယနေ့ အောက်တို ဘာလ ၁၆ ရက် နံနက်ပိုင်းတွင် ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ရာ၌ ပစ်သတ်ခံထားရသည့် အသက် ၄၅ နှစ်အရွယ် ကိုမင်းမင်းဆိုသူကို တွေ့ရှိရခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့က စစ်ကြောင်းပြန်ထွက်ပြီအထင်နဲ့ မင်းမင်းက ဆိုင်ကယ်နဲ့ဝင်သွားတယ်။ ဒီနေ့မနက် ကျွန်တော် တို့ ရွာထဲပြန်ဝင်တော့ စာသင်ကျောင်းရှေ့မှာ အသတ်ခံထားရတာတွေ့တယ်” ဟု မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံတဦးကပြောသည်။

ဒေသခံများ ရွာထဲသို့ပြန်လည်ဝင်ရောက်ရာတွင် စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားခဲ့ခြင်း ကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေသခံတဦးဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ မှသိရသည်။

“ဒီနေ့မနက် ဒေသခံတွေ ရွာထဲအဝင်မှာ ရေဦး-ညောင်ပင်သာကားလမ်းဘေး မူးတိမ်ချောင်းကူးတံတား အဆင်းနားမှာ အကြမ်းဖက်စကစတပ်က နင်းမိုင်းတွေထောင်ထားခဲ့တာကြောင့် တဦးထိခိုက်ဒဏ်ရာရခဲ့ ပြီး ခြေထောက်ဖြတ်ပစ်ရနိုင်ပါတယ်"ဟု ခင်ဦးသတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အနောက်တောင်ခြမ်းရှိကျေးရွာများကို အောက်တိုဘာလ ၁၄ ရက် မှ စတင်ကာ စစ်ကြောင်းထိုးနေခြင်းကြောင့် မူးသာ၊ သက်ပေး၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ ရွာသစ်၊ ချမ်းသာ ကုန်းနှင့် အင်းပတ်ကျေးရွာတို့မှ ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်သွားသည့် ကျေးရွာများအတွင်းသို့ သတိပြု ဝင်ရောက်ကြပါရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးချက်များထုတ်ပြန်ပေး ထားကြောင်း သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required