ဟွာမြောင်အထည်ချုပ်အလုပ်သမား ၂၅၀ ကျော် အလုပ်ရပ်နားခံရမှု နစ်နာကြေးအပြည့်အဝ မရ၍  ILO ကို တိုင်ကြားမည်

By ဓါတု (မဇ္ဈိမ)
10 October 2023
ဟွာမြောင်အထည်ချုပ်အလုပ်သမား ၂၅၀ ကျော် အလုပ်ရပ်နားခံရမှု နစ်နာကြေးအပြည့်အဝ မရ၍  ILO ကို တိုင်ကြားမည်
ပုံအညွှန်း- ဟွာမြောင်အထည်ချုပ်စက်ရုံ အလုပ်သမားများ (ဓာတ်ပုံ-CJ)

ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်ရှိ ဟွာမြောင်အထည်ချုပ်စက်ရုံ အလုပ်သမား ၂၅၁ ဦးသည်  အလုပ်ရပ်နားခံရမှု နစ်နာကြေး အပြည့်အဝ မရရှိ၍ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း အလုပ်သမားရေးရာလိုက်ပါကူညီဆောင်ရွက်သူများထံက သိရသည်။

 စစ်ကောင်စီလက်အောက်ခံ မြို့နယ်အလုပ်သမားရုံးများ၏ သက်ဆိုင်ရာ ဦးစီးမှူးများက အလုပ်ရှင်ဘက်လိုက်၍ အလုပ်သမားများကို ဖိအားပေးညှိနှိုင်းသဖြင့် အဆင်မပြေခဲ့ကြောင်း သိရသည်။ 

အလုပ်သမားများဘက်က လုပ်သက်ခံစားခွင့်နှစ်ကြေး၊ အချိန်ပိုကြေး(OT)မပါ နို့တစ်ကြေး အပြည့်အဝပေးရန်၊ လုပ်ငန်းရပ်နားမှု နစ်နာကြေး တလစာပေးရန်နှင့် ကိုယ်ဝန်ဆောင်များအား ထောက်ပံ့ကြေးကို တောင်းဆိုသလောက်ပေးရန်ဟူ၍ အချက်လေးချက် တောင်းဆိုခဲ့သော်လည်း နိုင်ငံခြားသား အလုပ်ရှင်ဘက်က မလိုက်လျောခဲ့ကြောင်း အလုပ်သမားများကဆိုသည်။

"အလရ ဦးစီးက ဘာတစ်ခုမှ ညှိနှိုင်းမှုကို စွမ်းဆောင်နိုင်တာမရှိဘူး။ အလုပ်ရှင်ရဲ့အလိုကျလိုက်လုပ်ပေးတဲ့ပုံစံ နို့တစ်ကဥပဒေမှာ တလပဲရှိတာ အလုပ်ရှင်ဘက်က ၂၆ ရက်ပဲနို့တစ်ပေးတယ် အလရဘက်က နို့တစ်ကြေးကိုအခြေခံလစာနဲ့ပေးဖို့ပြောတယ်။ ဝန်ကြီးဌာနကမျက်ကွယ်ပြုထားရင် အလုပ်ရှင်နဲ့ပေါင်းပြီးလာဘ်စားတယ်ဆိုတာပေါ်လွင်တာပေါ့ ။သူတို့ညှိတာကိုလည်းအလုပ်သမားတွေဘက်ကဘယ်သူမှသဘောတူစာချုပ်မချုပ်ခဲ့ပါဘူး။  Brand နဲ့ ILO ဆီ အချက်အလက်တွေ တိုင်တာတွေ ဆက်လုပ်ပါမယ်"ဟု ကူညီပေးနေသူ တဦးကပြောသည်။

အလုပ်ရုံအလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန(အလရ)၊  အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(အလည) နှင့်  အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန(အလဆ)မှ ဦးစီးအရာရှိများက အလုပ်ရှင်ဘက် ဘက်လိုက်ညှိနှိုင်းမှုများရှိနေကြောင်း ၎င်းကဆိုသည်။ 

ယင်း  ဟွာမြောင်(Hong Miao Garment) အထည်ချုပ်စက်ရုံတွင် အပ်ထည်များမရှိတော့သည့် အကြောင်းပြချက်ဖြင့် အောက်တိုဘာလအစတွင် စက်ရုံကိုပိတ်သိိမ်းလိုက်ခြင်းကြောင့် နစ်နာကြေးကို တခါတည်းပေးရန်  အောက်တိုဘာလ ၃ ရက်နေ့မှစ၍အလုပ်သမား ၂၅၁ ဦးမှာ ခုနစ် ညတိတိစက်ရုံရှေ့တွင်ညအိပ်စောင့်ဆိုင်း၍တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

ထို့နောက် အလုပ်ရှင်ဘက်မှကြေညာထားချက်အရ စက်ရုံအလုပ်သမား ၃၇၄ ဦးအတွက် လူမှုထောက်ပံ့ကြေး၊ နစ်နာကြေးနှင့် လုပ်သက်ခွင့် ကျန်ငွေများအားလာမည့် အောက်တိုဘာလ ၂၆ ရက်တွင်ပေးချေသွားမည်ဖြစ်၍ နို့တစ်ကြေးတလစာထပ်မံ တောင်းဆိုမှုအားမပေးချေနိုင်ကြောင်းဆိုထားသည်။

လူမှုထောက်ပံ့ကြေးအဖြစ် လုပ်သက် တနှစ်အထက်ရှိသည့် ကိုယ်ဝန်ဆောင်အမျိူးသမီးအလုပ်သမားများကို ကျပ် ၁၀၀,၀၀၀ စီနှင့် လုပ်သက် တစ်နှစ်အောက် ကိုယ်ဝန်ဆောင်များအား ကျပ် ၅၀,၀၀၀ စီ ထောက်ပံ့ပေးသွားမည်ဟု ဖော်ပြထားသည်။

လုပ်သက် တစ်လမှ  သုံးလအထိ အလုပ်သမားများအားကျပ် ၁၀,၀၀၀ စီ၊လုပ်သက် သုံးလမှခြောက်လအထိ ရှိတဲ့အလုပ်သမားတွေကို ကျပ် ၁၅,၀၀၀ စီ အသီးသီးပေးမည်ဟုဆိုသည်။

သို့သော်အလုပ်သမားများဘက်မှ ကိုယ်ဝန်ဆောင်များအား ကျပ် ၅ သိန်းစီထောက်ပံ့ပေးရန်ညှိနှိုင်းခဲ့သော်လည်းမရသဖြင့် ကျပ် ၃ သိန်းအထိပေးရန်ဆက်တောင်းဆိုထားကြောင်း ယင်းအထည်ချုပ်လုပ်သားများကပြောသည်။

"နှစ်ကြေးသဘောလုပ်သက်ခံစားခွင့်လည်း အပြည့်မပေးဘူး။ နောက်ပြီးစက်ရုံထဲ လေပန်ကာမကောင်းတာတွေမပြင်ဘူး။ မိုးတွေရွာရင်မိုးယိုရင်စက်ရုံထဲရေဝင်တာတွေလည်း အဆင်ပြေအောင်မလုပ်ပေးခဲ့ဘူး။ သောက်ရေအလုံအလောက် မချပေးထားဘူး ။အရေးပေါ်ထွက်ပေါက်လည်းမရှိ လျှပ်စစ်နဲ့အလုပ်လုပ်နေရတာ ဘာအသက်အာမခံချက်မှလည်းမရှိလို့ အလုပ်ရှင်နဲ့ပြဿနာ ခဏခဏဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့် ဒီစက်ရုံဘက်က တနှစ်အတွင်း ပြန်ဖွင့်ရင် ထပ်တိုင်ကြားမှုတွေလုပ်ဦးမှာ။ အခုလည်း ညှိနှိုင်းတာ ဦးစီးဘက်က  ဖိအားပေးညှိနှိုင်းခိုင်းလို့သဘောမတူခဲ့ဘူး။ တောင်းဆိုမှုတွေဆက်လုပ်သွားမှာပါ"ဟုဟွာမြောင်အထည်ချုပ်အလုပ်သမားတဦးကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဟွာမြောင်စက်ရုံတွင် ငှားရမ်းထားသည့် စက်ပစ္စည်းများလာရောက်သယ်ဆောင်နေခြင်းကြောင့်  အောက်တိုဘာလ ၂၆ ရက်တွင် ပေးချေမည့်နစ်နာကြေးများ မရမည်ကို စိုးရိမ်ပူပန်ရခြင်းဖြစ်ကြောင်း အလုပ်သမားများကဆိုသည်။

  ယမန်နေ့ အောက်တိုဘာလ ၉ ရက်က ညှိနှိုင်းမှုအဆင်မပြေခဲ့သော်လည်း.အလုပ်သမားထက်ဝက်မှာ ရာသီဥတုကြောင့်ဖျားနာခြင်းများရှိနေသဖြင့် စက်ရုံရှေ့တွင် ဆက်မနေဘဲ ၎င်းတို့နေအိမ်သို့ပြန်သွားကြောင်းသိရသည်။

ဟွာမြောင်အထည်ချုပ်ဒီစက်ရုံသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလမှ စ၍ ယခုအထိ တနှစ်ခြောက်လ ကြာလည်ပတ်နေသည့် စက်ရုံဖြစ်သည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)မှ ထုတ်ပြန်ထားသည့် စာရင်းအရ မြန်မာနိုင်ငံတွင်  အထည်ချုပ်စက်ရုံပေါင်း ၇၇၀ ကျော်ရှိခဲ့သော်လည်း ပြီးခဲ့သည့်  သြဂုတ်လကုန်တွင်  ၅၃၂ ရုံ ရှိတော့၍ စက်ရုံပေါင်း ၂၄၇ ရုံသည် လုပ်ငန်းလည်ပတ်မှုမရှိတော့ကြောင်းဖော်ပြထားသည်။

 ယင်းအထည်ချုပ်လုပ်ငန်းစက်ရုံများ တွင် အလုပ်သမား ဦးရေပေါင်း ၃၈၀,၀၀၀ ဝန်းကျင်ရှိ၍၉၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required