စစ်ကောင်စီတပ်ရှိရာ နေရာ ၃ ခုကို ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
16 October 2023
စစ်ကောင်စီတပ်ရှိရာ နေရာ ၃ ခုကို ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
ပုံအညွှန်း-စစ်ကိုင်းခရိုင် အမှတ်(၂) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။(ဓါတ်ပုံ - စစ်ကိုင်းခရိုင်အမှတ်(၂)တပ်ရင်း)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ရှိရာ  နေရာသုံးခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူထံက သိရသည်။ 

“စစ်ကြောင်းထွက်လာတယ်သိရလို့ နယ်မြေခံအဖွဲ့နဲ့ လုပ်ငန်းလုပ်ခဲ့တာပါ ။  စစ်ကြောင်း လှုပ်ရှားမှု ကြားကို ချခဲ့တာဆိုတော့ ထိရောက်မှုတော့ ရှိဖို့သေချာပါတယ်” ဟု စစ်ကိုင်းခရိုင်အမှတ် (၂) ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတာဝန်ခံ Riley က မဇ္စျိမကိုပြောသည်။

အောက်တိုဘာလ ၁၄ရက် နေ့လယ်ပိုင်းအချိန်ကအရာတော်မြို့နယ် လေ့ကျင့်ရေး(၁၀)မှ ထွက်လာ‌သော အင်အား ၅၀ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဝါးရောင်းနှင့် ကျောက်ပြောက် ကျေးရွာအကြားတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။

ထိုတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၂)က ဦးဆောင်၍ Ghost Team Ranger Myinmu (GTR MMU) ၊MMDF ၊ မြင်းခြံခရိုင်တပ်ရင်း(၆) နှင့် မုံရွာခရိုင် အထူးကွန် မန်ဒိုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာလ ၁၅ရက်နေ့က စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ ရွာလယ်ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် တပ်စွဲထားသည့် ပျူစောထီးဆိုသူများနှင့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မာလဲတောရွာတွင် ပျူစောထီးဆိုသူများအားစစ်သင်တန်းပေးခြင်း ဆောင်ရွက်နေသည့်အတွက် ရွာခံများ နေရပ်မှ စွန့်ခွါသွားကြသည်ဟု ဒေသခံထံက  သိရသည်။

အဆိုပါ ဗုံးသီးချ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁)နှင့်အတူ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် အောက်တိုဘာလ ၁၅ရက် ညနေ ၃နာရီ အချိန်တွင် မြင်းမူမြို့နယ် ၊ ဘိုးမင်းကြီးကင်း ကျေးရွာအနီး မြောင်လမ်းခွဲရှိ စစ်ကောင်စီတပ်ဖွဲ့ အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးသီး ခြောက်လုံးချ၍ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“မြောင်လမ်းခွဲဖြစ်စဥ်မှာ စကစ(စစ်ကောင်စီတပ်သား)ဘက်က ၁၀ဦးထိခိုက်ဒဏ်ရာ ရတယ်။ အဲဒီအထဲက နှစ်ဦးကတော့ စိုးရိမ်ရတယ်၊ သေချာစီစစ်ရရှိခဲ့ပါတယ်” ဟု စစ်ကိုင်းခရိုင်တပ်ရင်း(၂) တပ်ရင်းတာဝန်ခံ Riley က ပြောသည်။

ယင်းတိုက်ခိုက်မှုတွင်  လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း(၂) ၊ Ghost Team Ranger Myinmu (GTR MMU) ၊ Black Eagle Defence Force ၊ မြင်းမူမြို့နယ် ပြည်သူ့လုံ ခြုံရေးအဖွဲ့(ပလဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly