ဘုတလင်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာများ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ

By ပါခွီး(မဇ္စျိမ)
22 October 2023
ဘုတလင်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာများ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့်နေရာများကို တိုက်ခိုက်ခဲ့ရာ တဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိသွားကြောင်း Chindwin Brothers တပ်ဖွဲ့က ထုတ် ပြန်ထားသည်။

ဘုတလင်မြို့နယ် ကျောင်းမန်းဂိတ်နှင့် ရဲစခန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အောက်တိုဘာ လ ၂၀ ရက်နေ့က Shar Htoo Waw နည်းပညာဖြင့်ပြုလုပ်ထားသော မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“တိုက်ခိုက်တဲ့နေရာတွေက သေဆုံးဒဏ်ရာရတာတွေကိုတော့ အထဲမှာရှိတဲ့ ဖရဲသီး (စစ်ကောင်စီတပ်မှ သတင်းပေး)ဆီက ပြန်သိရတာကို စုံစမ်းအတည်ပြုထားတာပါ” ဟု Chindwin Brothers တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း ဘုတလင်မြို့ရှိ မီးသတ်ရုံးနှင့် သစ်တောရုံးတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် လေးကြိမ်ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ၆၀ မမ ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားငါးဦး ဒဏ်ရာအပြင်းထန်ရရှိခဲ့ကြောင်းနှင့် လက်နက်ငယ်များ ဖြင့်ပြန်လှန်ပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Chindwin Brothers နှင့်အတူ B21 ကနီ ၊ ကိုဘရာအဖွဲ့ ၊ အုပ်ကြီးနှင့်အဖွဲ့ ၊ တပင်ရွှေထီးနှင့် အခြားဒေသခံအဖွဲ့များပူပေါင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘုတလင်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်သည် လုံခြုံရေးအရ အရေးပါသောနေရာများတွင် အင်အား ၃၀ ဝန်းကျင်ခန့်ဖြင့် တပ်စွဲထားပြီး လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးငွေညှစ်ခြင်းများပြုလုပ် လေ့ရှိကြောင်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်နေသည့် စစ်ကောင်စီတပ်သားများကို ဆက်လက်တိုက်ခိုက်သွား မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ၎င်းတို့နှင့် ဝေးရာတွင်နေထိုင်ကြရန် Chindwin Brothers အဖွဲ့က သတိပေးထားသည်။

ရုပ်သံအညွှန်း - စစ်ကောင်စီတပ်များကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်စဥ်
ရုပ်သံ -  Chindwin Brothers

စာတည်း။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required