ပုလဲမြို့တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

By လွှမ်းမိုး(မဇ္ဈိမ)
20 October 2023
ပုလဲမြို့တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
ပုံအညွှန်း- တိုက်ပွဲတွင်း ရဲဘော်များ၊ ပုံ- ချင်းတွင်းတိုးနယား

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ပေါ် ရှိ ထွေအုပ်ရုံးတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးသွားကြောင်း ချင်းတွင်းတိုးနယားတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။

“လက်နက်ကြီးတွေကို အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့ဘက်ကလည်း လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်းမှာ စစ်ကားတစီး ပျက်စီးတယ်“ ဟု ချင်းတွင်းတိုးနယား တပ်ဖွဲ့ခေါင်းဆောင် ကိုမြကြီးက ပြောသည်။

အင်အား ၁၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးဆိုသူတို့သည် ကား ၁၅စီးပါ ယာဉ်တန်းဖြင့် ပုလဲမြို့ပေါ် ရှိ ထွေအုပ်ရုံးတွင် ယာယီစခန်းချ ရပ်နားနေစဉ် အောက်တိုဘာလ ၁၈ ရက် ည ၉ နာရီ အချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ငါးဦးသေဆုံးပြီး သေဆုံးသွားသည့် ရုပ်အလောင်းများကို ညတွင်းချင်း မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြသည်ဟု ချင်းတွင်းတိုးနယား တပ်ဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းတိုးနယား၊ Real Hero၊ SKY ၊ မိုးညိုမမ ၊ စွန်ရဲ ၊ တော်လှန်ပြောက်ကျား နှင့် ယင်းမာပင်ခရိုင်တပ်ရင်း အမှတ်(၂၉) တို့က ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ပုလဲ နှင့် ယင်းမာပင်မြို့နယ်များကို ယာဉ်တန်းများဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားကာ နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စာတည်း။       ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly