ကန့်ဘလူမြို့နယ်တွင် ၉ နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင် ၆ ဦးသတ်ဖြတ်ခံရ

By လွှမ်းမိုး(မဇ္ဈိမ)
13 October 2023
ကန့်ဘလူမြို့နယ်တွင် ၉ နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင် ၆ ဦးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ မလယ်တိုက်နယ် ၊ ချောင်းရှည်အပိုင် ကျေးရွာတွင် ကိုးနှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်ခြောက်ဦး နေအိမ်အတွင်း၌ သတ်ဖြတ်ခံရထားကြောင်း ဒေသခံများထံမှ သိရသည်။

သတ်ဖြတ်ခံထားရသည့် မိသားစုဝင်များ၏ ရုပ်အလောင်းများကို အောက်တိုဘာလ ၈ ရက် နေ့လယ်ပိုင်းတွင် အခင်းဖြစ်ပွားရာ နေအိမ်သို့ အလည်လာသည့် ဒေသခံတဦးက တွေ့ရှိခဲ့ကြောင်း ဒေသခံကပြောသည်။

“စေ့ထားတဲ့ အိမ်တံခါးကို ဖွင့်ကြည့်လိုက်တော့ တိုင်နဲ့တွဲပြီး လက်ပြန်ကြိုးတုပ်ကာ ပါးစပ်တွေကို တိတ်ဝါနဲ့ ပိတ်ကပ်ထားတဲ့ ကလေးငယ်လေးနဲ့အတူ အသတ်ခံရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်” ဟု လုံခြုံရေးရ အမည်မဖော်လိုသည့် ဒေသခံတဦးက ဆိုသည်။

အဆိုပါ သတ်ဖြတ်ခံရသူများမှာ အသက် ၅၀အရွယ် ဦးသန်းဆွေဝင်း ၊ အသက် ၄၈နှစ်အရွယ် ဒေါ်ဝင်းမေ  ၊ အသက် ၃၂နှစ်အရွယ် ဒေါ်နှင်း  ၊ အသက် ၂၉နှစ်အရွယ် မောင်စိန်ပန်း ၊ အသက် ၁၄နှစ်အရွယ် မောင်စွမ်းဇာနည် နှင့် အသက် ၉နှစ်အရွယ် မမြနှင်းဝေ တို့ ဖြစ်ကြပြီး အသက်တနှစ်အရွယ် အမျိုးသမီးကလေးငယ် တဦးသာလျှင် အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါသတ်ဖြတ်ခံရသည့် မိသားစုမှာ တောင်သူအလုပ်ဖြင့် လုပ်ကိုင်အသက်မွေးနေကြသူများဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ရွာမှာငယ်ငယ်ကတည်းက နေထိုင်နေတဲ့ သူတွေဆိုတော့ အကျင့်စရိုက်ကို ကောင်းကောင်းသိပါတယ်။   မိရိုးဖလာ တောင်သူတွေ ဖြစ်ကြတယ်” ဟု အခြားဒေသခံ တဦးက ပြောသည်။

မည်သည့်အဖွဲ့က သတ်ဖြတ်သွားခြင်းဖြစ်သည်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့(ပ.လ.ဖ) တို့ကို အကြောင်းကြားထားရာ တာဝန်ရှိသူများက စစ်ဆေးနေကြောင်းလည်း သိရသည်။

“စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတာတော့ ရှိပါတယ်ဗျ ။ အခု အချိန်ထိတော့ တရားခံ အစစ်အမှန်ကို မသိရသေးဘူး “ ဟု ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မဇ္ဈိမကို ပြောသည်။

ယင်းဖြစ်စဉ်များနှင့်အတူ ကန့်ဘလူမြို့နယ် မြေမွန်အုပ်စု ၊ သရက်ချောင်း ကျေးရွာတွင်လည်း လွန်ခဲ့သည့် လအနည်းငယ်က  မိသားစုဝင်သုံးဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ အမှုမှန် မပေါ်ပေါက်သေးကြောင်း ဒေသခံများနှင့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များထံမှ သိရသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required