ဒီးမော့ဆိုတွင်  စစ်ဘေးရှောင်များရှိရာကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ 

By မောင်ခက်နွေ (မဇ္ဈိမ)
31 August 2023
ဒီးမော့ဆိုတွင်  စစ်ဘေးရှောင်များရှိရာကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ 
ပုံအညွှန်း - အာဏာသိမ်း စစ်တပ် ကြဲသွားသည့် မပေါက်ကွဲသေးသည့် ဗုံးအားတွေ့မြင်ရစဉ် (ဓာတ်ပုံ- ကမ်းလက် - ကယား IDPs Assistance Network)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ နေထိုင်သည့် နေရာကို စစ်ကောင်စီတပ်က ယနေ့ သြဂုတ်လ ၃၁ ရက် မနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း  ကမ်းလက် - ကယား IDPs Assistance Network ထံက သိရသည်။

စစ်ဘေးရှောင်များရှိသည့် နေရာနှင့် ပေ ၃၀ ခန့်အကွာသို့ ယနေ့ နံနက် ၄ နာရီခန့်က တိုက်လေယာဥ်ဖြင့် သုံးကြိမ်ခန့်လာရောက်ဗုံးကြဲခဲ့ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။ 

“ဒီနေရာက စစ်မြေပြင်မဟုတ်ဘူးပေါ့။ စစ်ဖြစ်တာမျိုးမရှိဘဲ လာကြဲတာ” ဟု  ကမ်းလက် - ကယား IDPs Assistance Network ၏ ပြန်ကြာရေး တာဝန်ခံက မဇ္ဈိမကို ပြောသည်။ 

အဆိုပါ နေရာတွင် စစ်ရှောင်ဦးရေ ၁၀၀ ကျော်ရှိပြီး  လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်လာမည်ကို စစ်ရှောင်များက စိုးရိမ်နေကြသော်လည်း ပြောင်းရွေ့ရန် အဆင်ပြေသည့် နေရာမရှိကြောင်း သိရသည်။ 

“စစ်ရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကျတော့ ဘုရားပဲ အားကိုးကျတယ်။ ဖြစ်လာတဲ့ အခြေအနေပေါ် အားလုံး ကြေကွဲ ဝမ်းနည်းမှုတွေ ရှိပေမယ့် ဒါတွေအားလုံး ဘုရားလက်ထဲပဲ အပ်တာများတာပေါ့ ။ အထိအခိုက်တော့ မရှိဘူးဗျာ။ တင်ထားနဲ့ပုံ ထဲက ဗုံးသာကွဲခဲ့ရင် အသေအကြေ အတော်များသွားမယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။ 

စစ်ဘေးရှောင်များတွင် စားနပ်ရိက္ခာ အခက်အခဲရှိနေပြီး ကုန်စျေးနှုန်းကြီးမြင့်လာသည့်ကြားတွင် ဝင်ငွေမရှိ၍ အကူအညီလိုအပ်နေကြကြောင်း သိရသည်။ 

လက်ရှိတွင် ကရင်နီပြည်ကို အာဏာသိမ်း စစ်တပ်က အင်အားအလုံးအရင်းနှင့် တိုက်ခိုက်မှု ပြုလုပ်လျက်ရှိသည်။  ကရင်နီပြည်တွင် စစ်ဘေးရှောင် ပြည်သူ စုစုပေါင်း ၃ သိန်းနီးပါး ရှိနေပြီး စစ်ရှောင်ကာလ ၂ နှစ်ကျော်နေပြီ ဖြစ်သည့် အတွက် ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် နေထိုင်ရေး စသည့် လိုအပ်ချက်များ ရှိနေကြောင်း  စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ဆိုသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required