အင်းတော်မြို့နယ် ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရ

By ကိုခင်မောင် (မဇ္ဈိမ)
03 October 2023
အင်းတော်မြို့နယ် ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး ဆရာတော် အရှင်ဉာဏ်ဓိကအား  ပင်ဝယ်ရွာအနီးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု အင်းတော်ဒေသခံများက မဇ္စျိမကို ပြောသည်။

စက်တင်ဘာလ ၂၇ရက်မှစ၍ ပျောက်ဆုံးသွားသော ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အရှင်ဉာဏ်ဓိက ၏ ရုပ်အလောင်းကို အောက်တိုဘာ ၁ရက်နေ့၊  ငါးရက်အကြာတွင် ထိုပင့်တင်ရွာမှ သုံးမိုင်ခန့်အကွာ ပင်ဝယ်ရွာအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အင်းတော်ဒေသခံတဦးက ဆိုသည်။

“သက်တော် ၅၃နှစ်အရွယ် အရှင်ဉာဏ်ဓိက သတ်ဖြတ်ခံရပါတယ်။ လည်ပင်းပြတ်ရှ ဒဏ်ရာနှစ်ခု၊ ဝမ်းဗိုက်မှာတော့ ထိုးသွင်းဒဏ်ရာတော်တော်များတယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် အင်းတော်မြို့နယ်သတင်းများအား ထုတ်ပြန်လျက်ရှိသော Indaw Revolution-IR ကို ဆက်သွယ်မေးမြန်းခဲ့ရာ ပင့်တင်ရွာ ကျောင်းထိုင်ဘုန်းကြီး အရှင်ဉာဏ်ဓိက သတ်ဖြတ်ခံရသည်မှာ မှန်ကန်ကြောင်း၊ မည်သူ့အဖွဲ့အစည်းမှ လုပ်သည်ကို မသိရှိရသေးကြောင်း ဖြေကြားခဲ့သည်။

“ဒီကိစ္စက ကျွန်တော်တို့သိသလောက်ကတော့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုတွေဖြစ်လိမ့်မယ်ထင်တယ်ဗျ။ အစပိုင်းတုန်းကတော့ စကစတွေနဲ့ ပူးပေါင်းတယ်လို့  နာမည်ထွက်ပေမယ့် နောက်ပိုင်းမှာတော့ ဒီဘုန်းကြီးက သူ့ဟာသူနေသွားတာဟုတ်တယ်ဗျ၊ ဆိုတော့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေ ရှိကြလိမ့်မယ်။ အဲတာလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ ဒီဘက်က လုပ်တာမဖြစ်နိုင်ဘူးဗျ။ သူတို့ စစ်ကောင်စီက ဝါဒဖြန့်ချင်လို့ လုပ်တာလည်းဖြစ်နိုင်တယ်။ ” ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)တခုမှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံရသော ဆရာတော် အရှင်ဉာဏ်ဓိက၏ ရုပ်အလောင်းကို  ပင့်တင်ရွာသားများမှ  ၎င်းကိုတွေ့သည့်နေရာတွင်ပင် အောက်တိုဘာလ ၁ရက်နေ့တွင်  မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ဆရာတော် အရှင်ဉာဏ်ဓိက သတ်ဖြတ်ခံရမှုနှင့် ပက်သက်ပြီး အကြောင်းစုံသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက်နေ့တွင်လည်း အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာတစီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ခရမ်းစပ်ကုန်းရွာကျောင်းတိုင်ဘုန်းကြီး အရှင်ရာဇိန္ဒ ပျံလွန်တော်မူပြီး ကပ္ပိယတဦးလည်း ကွယ်လွန်သွားကာ ဇရပ်ဆောင်နှင့် ကျောင်းခန်းမကြီးလည်း ပျက်စီးခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required