ရွှေကူမြို့နယ် ရေလဲကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့

By KMN (မဇ္ဈိမ)
19 September 2023
ရွှေကူမြို့နယ် ရေလဲကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့
ပုံအညွှန်း - စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရွှေကူမြို့နယ် ရေလဲကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။ (ဓာတ်ပုံ - CJ / FB)

ကချင်ပြည်နယ်၊ ရွှေကူမြို့တဖက်ကမ်းတွင်တည်ရှိသည့် ရေလဲကျေးရွာကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး  ရွာခံအချို့ကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက် လာသည့် စစ်သင်္ဘောများနှင့် သံခွန်ယာဉ်ခြောက်စီးသည် ရွှေကူမြို့နယ်သို့ရောက်ရှိကာ ညအိပ်ရပ်နားခဲ့ သည်။
ယင်းနောက် စစ်သင်္ဘောများတွင်ပါရှိသည့် စစ်ကောင်စီတပ်သားများသည် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် သံခွန်ယာဉ်များဖြင့်  ရေလဲရွာကို ချဉ်းကပ်လာပြီး တိုက်ပွဲမရှိဘဲ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က မနက်ပိုင်းကနေ ညနေလောက်အထိရှို့ကြတာ။ ဒီမနက် (စက်တင်ဘာလ ၁၉ ရက်) တော့ ရေလဲ ရွာကမ်းနားတလျှောက်က အိမ်တွေအကုန်နီးပါး လောင်ကုန်တာ အဝေးကတွေ့ရတယ်။ အိမ်ခြေ ၁၀၀ လောက်တော့ ရှိနိုင်တယ်၊ ရွာသားတချို့ကိုလည်း ဖမ်းသွားတယ်သိရတယ်” ဟု ရွှေကူမြို့ခံတဦးက ပြော သည်။

 
လောလောဆယ်တွင် ရွာသားမည်မျှဖမ်းဆီးခံရပြီး မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို အသေး စိတ်မသိရသေးပေ။
စစ်ကောင်စီတပ်သားများသည် ရေလဲကျေးရွာကို မီးရှို့သကဲ့သို့ ဧရာဝတီမြစ်အတွင်း ရွှေတူးနေသည့် မော်တော်အစီးရေ ၂၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း အထက်ပါမြို့ခံက ပြောသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်မှ စစ်သင်္ဘောများနှင့် သံခွန်ယာဉ်များသည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဆန်တက်နေစဉ် ကသာမြို့သို့ရောက်ရှိလာ ချိန်၌ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ထို့နောက် မြစ်ကမ်းဘေးကျေးရွာဖြစ်သည့် တုတ်ကြီးကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံလေးဦးကို လည်း သတ်ဖြတ်သွားသည်ဟု ကသာမြို့နယ်၊ မိုးတားလေးတိုက်နယ် ပကဖတာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောသည်။
ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အဆိုပါ စစ်သင်္ဘောများနှင့် သံခွန်ယာဉ်များသည်ရွှေကူမြို့နယ် ကမ်းနားတလျှောက်တွင် ဆိုက်ကပ်ရပ်နားနေကြောင်း ဒေသခံများမှ သိရသည်။
စစ်ကောင်စီသင်္ဘောများသည် ပြီးခဲ့သည့်သြဂုတ်လအတွင်းကလည်း ဧရာဝတီမြစ်ကို ဆန်တက်စဉ် ဗန်းမော်မြို့နယ်ကမ်းနားတလျှောက် ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒေသခံများ အား ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly