မယ်စဲ့တွင် ကျန်ရှိနေသည့် ဗျူဟာကုန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်၊ BP-13 မှ တပ်သားများ လက်နက်ချအညံ့ခံ

By ဂျူချန်း (မဇ္ဈိမ)
24 June 2023
မယ်စဲ့တွင် ကျန်ရှိနေသည့် ဗျူဟာကုန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်၊ BP-13 မှ တပ်သားများ လက်နက်ချအညံ့ခံ
ပုံဟောင်း (ဖေဖော်ဝါရီ ၁၉ တွင် မယ်စဲ့မြို့အနီး ဖမ်းဆီးရမိသည့် စစ်သားများ)

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့ အရှေ့ဘက်တွင်ရှိသည့် စစ်ကောင်စီ၏ ဗျူဟာကုန်းအား ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထိုဗျူဟာကုန်းအနီးတွင်ရှိသည့် BP-13 မှ တပ်သားများလည်း လက်နက်ချ အညံ့ခံလာကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။

ဇွန်လ ၂၃ ရက်နေ့ နံနက် ၄နာရီခန့်တွင် ဗျူဟာကုန်းသို့ ကရင်နီပူးပေါင်းတပ်ဖွဲ့များသွားရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်းတွင် စခန်းသိမ်းနိုင်ခဲ့ပြီး လက်ရှိတွင် ထိုဗျူဟာကုန်း၌ ကရင်နီ ပူးပေါင်းတပ်များ တပ်စွဲထားပြီဖြစ်ကြောင်း သိရသည်။ 

“မနက်ကနေ မွန်းလွဲပိုင်းအထိ တက်သိမ်းရတယ်။ နေ့လယ်ပိုင်းလောက်မှာ သိမ်းလို့ရသွားတယ်ပေါ့။ ဗျူဟာကုန်းမှာ ကျနော်တို့တပ် ရှိပြီပေါ့။ စကစ ဘက်က ထိခိုက်ကျဆုံးမှု၊ လက်နက်ဘယ်လောက်ရတယ်ဆိုတာ စာရင်းမလာသေးဘူး။ ရှိတဲ့စခန်းတွေတော့ ကုန်သလောက်တော့ ရှိပြီ” ဟု စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က မဇ္ဈိမ ကိုပြောသည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်းတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိရာ တိုက်ပွဲအတွင်း KNDF မှ ရဲဘော်နှစ်ဦး၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တိုက်ပွဲအပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် KA မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကာ စစ်ကောင်စီဘက််မှ ထိခိုက်ကျဆုံးမှု စာရင်းအတိအကျကိုမူ မသိရသေးကြောင်း ခူညေးရယ်က ပြောသည်။

ဗျူဟာကုန်းစစ်တပ်စခန်းသည် မယ်စဲ့မြို့တစ်ဝိုက်တွင် အရေးအပါဆုံး တပ်စခန်းတစ်ခုဖြစ်ရာ ထိုစခန်းအတွင်း၌ အရေးကြီးသည့် စစ်ရေးစီမံခန့်ခွဲမှုစာရွက်စာတမ်းများနှင့် လက်နက်ခဲယမ်းများ ရှိကြောင်း သူကဆိုသည်။ 

ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း နောက်ဆုံး ကျန်ရှိနေသည့် BP-13 မှ စစ်ကောင်စီတပ်သား ၁၈ ဦး လက်နက်ချအညံ့ခံလာပြီး အရာရှိသုံးဦးမှာ ပျောက်ဆုံးနေသည်ဟု သတင်းရကြောင်း ဆက်ပြောသည်။

“၂၁ ယောက်ထိုင်တဲ့ကုန်းမှာ ၁၈ယောက်ဝင်လာတယ်။ သူ့တပည့်တွေတော့ ရောက်နေပြီပေါ့။ အထက်အရာရှိတွေတော့ မပါသေးဘူးပေါ့။ ထိုင်းဘက်ရောက်သွားတာလား။ သူတို့(ကျန်နေသည့် အရာရှိ သုံးဦး) ပုန်းနေလား မသိဘူး။ ပျောက်နေတာက တပ်ရင်းမှူးတို့၊ ဒုရင်းမှူးတို့ဖြစ်မှာပေါ့။ အဲ့ဒီစခန်း(BP-13)ကပါ အားလုံး လက်နက်ချလာရင်တော့ ကုန်ပြီ” ဟု ခူညေးရယ်က ပြောသည်။

ထိုင်း-ကရင်နီနယ်စပ်တွင် ပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် 4K တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ ကြား ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မယ်တနွယ်တပ်စခန်း၊ တောင်လှတပ်စခန်း၊ BP-14 နှင့် မယ်စဲ့ ရဲစခန်းတို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ BP-13 သည်  ကရင်နီပြည်နယ်အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်စခန်း တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly