စစ်ကောင်စီကို ဆက်သွယ်ရေးပစ္စည်းများ ရောင်းချခဲ့သည့် ဂျာမန်ကုမ္ပဏီ စစ်ဆေးခံနေရ

စစ်ကောင်စီကို ဆက်သွယ်ရေးပစ္စည်းများ ရောင်းချခဲ့သည့် ဂျာမန်ကုမ္ပဏီ စစ်ဆေးခံနေရ

စစ်ကောင်စီကို ဆက်သွယ်ရေးပစ္စည်းများ ရောင်းချခဲ့သည့် ဂျာမန်ကုမ္ပဏီတခု စစ်ဆေးခံနေရသည်ဟု Justic for Myanmar က ထုတ်ပြန်သည်။

ND SatCom GmbH အမည်ရှိ ယင်းကုမ္ပဏီသည် တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းအထိ မြန်မာစစ် အုပ်စုထံ ဆက်သွယ်ရေးပစ္စည်းများကို တင်သွင်းရောင်းချ ပေးခဲ့သဖြင့် ဂျာမနီနိုင်ငံ၊ ရေ့စ်ဘင်စဘာ့ဒ်မြို့ရှိ အစိုးရရှေ့နေရုံးမှ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်ဟု JFM က ဆိုသည်။

အဆိုပါစုံစမ်းစစ်ဆေးမှုသည် Justice For Myanmar မှ ပေးအပ်ခဲ့သည့် သုတေသနနှင့် အထောက်အထား များကို အခြေခံ၍ German Solidarity with Myanmar Democracy e. V. အဖွဲ့နှင့် တရားလွှတ်တော် ရှေ့နေ Holger Rothbauer တို့၏ တိုင်ကြားချက်‌ကြောင့် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍ ND SatCom သည် မြန်မာစစ်အုပ်စု၏ မိတ္ထီလာဌာနချုပ်စခန်း၊ အချက်ပြထုတ်လွှင့်ရေးဌာန၊ လက်ကိုင် ‌ရေဒီယိုဖုန်းစနစ်များအတွက် အသုံးပြုသည့် 5G ဂြိုလ်တု ဆက်သွယ်ရေး ဟာ့ဒ်ဝဲနှင့် ဆော့ဝဲလ်များအပါအဝင် ဂြိုလ်တု ဆက်သွယ်ရေးစနစ်အတွက် အရေးပါသည့် ပံ့ပိုးကူညီမှုများကို ပေးအပ်ခဲ့သည်ဟု JFM က ဆိုသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံမှတဆင့် မြန်မာစစ်အုပ်စုထံ ပေးပို့ခဲ့ပြီး၊ ထိုအချိန်တွင် ဂြိုလ်တုမိုဒမ်များ (modems) ကိုလည်း စစ်အုပ်စု၏ ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှုးရုံးသို့ ပေးပို့ခဲ့သည်။

" ဂြိုလ်တုဆက်သွယ်ရေးက စစ်ရေးကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ND SatCom ရဲ့ ဂြိုလ်တုဆက်သွယ်ရေးစွမ်းဆောင်ရည်တွေ တိုးတက်လာတာက စစ်အုပ်စုရဲ့ အရပ်သား ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု၊ ညဉ်းပန်းနှိပ်စက်မှု၊ မုဒိန်းကျင့်မှု၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှု၊ စာနပ်ရိက္ခာ ဖျက်ဆီးမှုနဲ့ လူပေါင်းများစွာကို အဓမ္မအင်အားသုံး ရွှေ့ပြောင်းစေမှုတွေကို ပံ့ပိုးကူညီပေးနေပါ တယ်" ဟု JFM မှ ‌ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ‌ပြောသည်။

ဂြိုဟ်တုမိုဒမ်းများကို ခရိုနီကုမ္ပဏီဖြစ်သည့် A1 Group of Companies ၏ လုပ်ငန်းခွဲဖြစ်သော မြန်မာပုဂ္ဂလိကကုမ္ပဏီ Terabit Wave Company Limited နှင့် ဗီယက်နမ် ကုမ္ပဏီ OSB Investment and Technology JSC ("OSB") နှင့် ပူးပေါင်း၍ ကြားခံပွဲစားအဖြစ် ဝယ်ယူပေး ခဲ့ကြောင်း JFM က ဆိုသည်။

Terabit Wave နှင့် OSB တို့သည် မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ငန်းတခုအဖြစ် Com & Com Company Limited ကို လုပ်ကိုင်ပြီး မြန်မာစစ်အုပ်စု ဆက်သွယ်ရေး ညွှန်ကြား‌ရေးမှုးရုံး၏ ND SatCom စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအပါအဝင် စစ်ဘက်နှင့် အရပ်ဘက် ဂြိုလ်တုဝန်ဆောင်မှုများကို ပေးအပ်ခဲ့သည်။

ထို့ပြင် ND Satcom စက်ပစ္စည်းများကို စင်ကာပူ ကုမ္ပဏီများဖြစ်သည့် Bright Sky Pte နှင့် Interspace Engineering Service Pte. Ltd. တို့မှတဆင့် မြန်မာစစ်အုပ်စုအတွက် တင်သွင်းရောင်းချပေးခဲ့‌ကြောင်း၊ A1 ကုမ္ပဏီအုပ်စု၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Bright Sky ကုမ္ပဏီကို မြန်မာစစ်အုပ်စု၏ လက်နက်ပွဲစားအဖြစ် Justice For Myanmar က ဖော်ပြခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ကုမ္ပဏီကို ဖျက်သိမ်းခဲ့သည်ဟု JFM က ဆိုသည်။Interspace Engineering Service ကို OSB ၏ ပူးတွဲတည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်၊ Com & Com ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ Nguyen Hong Son က ပိုင်ဆိုင်သည်။

ယင်းကုမ္ပဏီများကိုလည်း A1 ကုမ္ပဏီအုပ်စု၊ OSB Investment and Technology JSC ကုမ္ပဏီနှင့် ၎င်းတို့၏ ဒါရိုက်တာများနှင့် ပိုင်ရှင်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် လိုအပ်‌ကြောင်း Justice For Myanmar က တောင်းဆိုထားသည်။

ND SatCom သည် အင်မန်းစတာ့ဒ်မြို့တွင် အခြေစိုက်သည့် ဂျာမန်ဂြိုဟ်တုဆက်သွယ်ရေး ကော်ပိုရေးရှင်း တစ်ခုဖြစ်ပြီး  ကုမ္ပဏီကို ဂျာမန် စီးပွားရေးလုပ်ငန်းရှင် Steffen Görig က ၂၀၁၄ ခုနှစ်တွင် Airbus ထံမှ ဝယ်ယူပိုင်ဆိုင်ထားသည်။ ND SatCom သည် တရုတ်နှင့် ဒူဘိုင်းတို့တွင် ကုမ္ပဏီခွဲများ ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly