ဖာပွန်-ကမမောင်းလမ်းပေါ်က သစ်ငါးပင် BGF စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် 

By နောင်နောင်  မဇ္ဈိမ
25 February 2023
ဖာပွန်-ကမမောင်းလမ်းပေါ်က သစ်ငါးပင် BGF စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက် 

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်- ကမမောင်းလမ်းပေါ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ၏ သစ်ငါးပင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု သိရသည်။ 
သစ်ငါးပင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမိနစ် ၃၀ အကြာတွင် စခန်းကို သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း KNLA တပ်မဟာ (၅) နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ 
“၃၄ မိနစ်လောက်ကြာတယ်၊ ဖာပွန်- ကမမောင်းကားလမ်းပေါ်က သစ်ငါးပင် BGF စခန်း၊ မနက် ၆ နာရီကနေ သွားတိုက်တာ၊ စခန်းကို သိမ်းပိုက်မီးရှို့ခဲ့တယ်” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။ 
တိုက်ပွဲအတွင်း BGF တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး လက်နက်နှစ်လက် သိမ်းဆည်းရမိခဲ့ကြာင်းလည်း ဗမာပြည်သူ့လွတ်မြာက်ရေးတပ်မတာ် (BPLA) က ပုံနှင့်တကွ ထုတ်ပြန်ထားသည်။ 
သစ်ငါးပင် BGF စခန်းတွင် တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင် တပ်စွဲနေကြခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တစ်ဦးသေဆုံးပြီးနောက် ကျန် BGF တပ်ဖွဲ့ဝင်များက စခန်းကို စွန့်ခွာထွက်ပြေးသွားကြကြောင်း သတင်းရင်းမြစ်က ဆိုသည်။ 
အဆိုပါ BGF စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ဖာပွန်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် Force for Federal Democracy(FFD) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 
“မြေပြင်စစ်ကြောင်းနဲ့ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။ 
လက်ရှိတွင် သိမ်းပိုက်ခံရသော BGF စခန်းဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။ 
KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်း၏ မဟာမိတ်တပ် BGF ပူးပေါင်းတပ်တို့အကြား လစဉ်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။ 
စာတည်း။     ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly