စစ်ကောင်စီတပ်က ရွှေကူမှာ ၁ ရက်အတွင်း သုံးကြိမ်ထက်မနည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

By အဂမ်(မဇ္ဈိမ)
06 April 2023
စစ်ကောင်စီတပ်က ရွှေကူမှာ ၁ ရက်အတွင်း သုံးကြိမ်ထက်မနည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
Photo: ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ကချင်ပြည်နယ် ၊ ရွှေကူမြို့ (ဆယ်မိုင်ကျော်အကွာ)ရဲ့ အရှေ့ခြမ်းမှာရှိသည့် ကျေးရွာများတစ်လျှောက်ကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် တစ်ရက်အတွင်း သုံးကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျေးရွာ သုံးရွာ မီးလောင်ပြာကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်  မြေပြင်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့သဖြင့် ကျေးရွာ သုံးရွာ မီးလောင်ပြာကျသွားခြင်းဖြစ်ဟု ဆိုသည်။

“ တစ်မနက်လုံး ထိတွေ့တိုက်ပွဲတွေဖြစ်နေခဲ့တာ။ မနက်ပိုင်း ၉ နာရီကျော်လောက်တော့ စီမူလေးရွာနဲ့ စီမူကြီးရွာကနေ မီးခိုးတန်းတွေကို တွေ့ရတော့ နေအိမ်တွေမီးရှို့နေပြီပဲဆိုပြီး ဒီအတိုင်းကျနော်တို့ ကြည့်နေရတယ်။ ညနေ ၄ နာရီကျော်လောက်တော့ အဲ့ဘက်ကို လေယာဥ်တွေသွားလိုက်တာ တွေ့လိုက်ရတယ်၊ သိပ်မကြာဘူး၊ အသံတွေကြားရတော့တာပဲ။ စီသာရွာကိုပဲ သုံးကြိမ်ကြဲတာ။ စီတာရွာကတော့ အကုန်လုံးပါသွားပြီ။ ကျန်တဲ့ရွာတွေလည်း မီးလောင်နေပြီ ရွာလုံးကျွတ်နီးပါးပဲ” ဟု ပြောင်းရွေ့ခဲ့ရတဲ့ ဒေသခံသတင်းရင်းမြစ်က အခုလိုဆိုသည်။

ရွှေကူမြို့အရှေ့ခြမ်းရှိ ဝင်ဝ၊ နောင်လတ်ကြီး၊ ငှက်တံတား၊ စီသာ၊ စီမူလေး၊ စီမူကြီး၊ မံဝိန်း ကျေးရွာများဘက်တွင် ယမန်နေ့မနက်ပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ  လေကြောင်းဖြင့် သုံးကြိမ် ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စီမူလေး၊ စီမူကြီး၊ စီသာကျေးရွာ သုံးရွာစလုံး ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားပြီး၊ အဆိုပါ ကျေးရွာများနှင့် အနီးကပ်ရှိသည့် ကျေးရွာများလည်း မြေပြင်တွင် မီးရှို့ဖျက်ဆီးခံနေရကာ၊ ထို ထိခိုက်ပျက်စီးမှုကို ရွှေကူပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF နဲ့ ကေအိုင်အေတပ်ရင်းဘက်မှ အတည်ပြုနေဆဲ ဖြစ်သည်။

ကေအိုင်အေ တပ်ရင်း (၁၂) ထိန်းချုပ်နယ်မြေဖြစ်သည့် ရွှေကူမြို့နယ်နှင့် နယ်မြေဆက်စပ်မှုရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်တို့မှာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ ယမန်နေ့ညနေပိုင်း ၄ နာရီနှင့် ၅ နာရီကြားတွင် သုံးကြိမ်ထက်မနည်း လာရောက် ဗုံးကြဲခဲ့ပြီး၊ ထိုဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားကတည်းက ထိုဒေသရှိကျေးရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေသည့်အတွက် ထိုသို့ ကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှု မရှိခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရသည်။

ယမန်နေ့ စီသာကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်မှာ “တပ်မ (၈၈ )လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇)၊ ခလရ (၈၈ )နှင့် ထပ်မံဖြည့်တင်းထားသည့် စစ်ကြောင်းများ” ဖြစ်သည်ဟု ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ သတင်းထုတ်ပြန်ထားသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ပြီးခဲ့သော မတ် လ ၂၃ ရက်နေ့မှစပြီး ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလှုပ်ရှားလာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များကို ကေအိုင်အေ ဦးဆောင်သည့် ရွှေကူမြို့နယ် PDF ပူးပေါင်းတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့မှ သွားရောက်ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ကာ မတ်လ ၂၅ ရက်နေ့မှာ တစ်ကြိမ် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် စီသောင်၊ မံဝိန်းနှင့် စီမူလေးကျေးရွာများတွင် ဗုံးကြဲချခဲ့သဖြင့် လူနေအိမ်အချို့ပျက်စီးခဲ့ရသေးသည်။

ထိုတိုက်ခိုက်မှုမှာလည်း ကျေးရွာပြည်သူများ၏ နွားများသေဆုံးခဲ့သလို၊ မတ်လ ၃၀ ရက်နေ့မှာလည်း တစ်ကြိမ် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့၍ မံဝိန်းကျေးရွာအတွင်းမှ လူနေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့၍ မံဝိန်းနှင့် စီမူကြီးကျေးရွာရှိ လယ်တဲများလည်း မီးလောင်ပျက်စီးခဲ့ရသေးသည်။

မဇ္ဈိမအနေဖြင့်လည်း အဆိုပါဒေသရဲ့ တိုက်ပွဲအခြေ အနေများကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲ ဖြစ်သည်။စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly