တရုတ် ဖမ်းဝရမ်းထုတ်ထားသည့်UWSA အရာရှိ ၂ဦး ရာထူးမှ ထုတ်ပယ်ခံရ

By ဂျူချန်း(မဇ္ဈိမ)
18 October 2023
တရုတ် ဖမ်းဝရမ်းထုတ်ထားသည့်UWSA အရာရှိ ၂ဦး ရာထူးမှ ထုတ်ပယ်ခံရ
အိုက်ဟော် (ခ) ရှောက်ယန်ကူ (ခ) ဟော်ချွင်ထင်

အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဦးဆောင်ပြုလုပ်သည်ဟုဆိုကာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ အရာရှိနှစ်ဦးကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) သတင်းထုတ်ပြန်သည်။

UWSA ၏ ဆောက်လုပ်ရေးဌာနမှူးကြီး ပေါက်အိုက်ပန်းနှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း UWSPက အောက်တိုဘာလ ၁၆ရက်တွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။ပေါက်အိုက်ပန်းကို ၎င်း၏ရာထူးအပြင် ပါတီမှပါ ထုတ်ပယ်လိုက်ကြောင်း ဖော်ပြထားသည်။

၎င်းတို့ နှစ်ဦးသည် “ဝ”ပြည်နယ်အစိုးရနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် နိုင်ငံရေးအရ ယုံကြည်မှုနှင့် ရင်းနှီးမှုများကို ထိခိုက်စေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ UWSA  (လာရှိုးမြို့) ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းအား ယနေ့ အောက်တိုဘာလ ၁၈ရက်နံနက်တွင်  မေးမြန်းရာထုတ်ပြန်ချက်အတိုင်းပင်ဖြစ်ကြောင်း ဖြေဆိုသည်။ ပေါက်အိုက်ပန်း နှင့်အိုက်ဟော်အား မည်သို့အရေးယူမည်ကို မေးမြန်းရာတွင်မူ ဖြေဆိုခြင်း မရှိတော့ပေ။

ပေါက်အိုက်ပန်း နှင့်အိုက်ဟော်သည် တရုတ်နိုင်ငံသားများ ထိခိုက်နစ်နာစေသည့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ဦးဆောင်ပြုလုပ်နေသည်ကို သက်သေအခိုင်အမာဖြင့် တွေ့ရှိထားပြီဟုတရုတ်နိုင်ငံ၊ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြီးခဲ့သည့် အောက်တိုဘာ လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။  ၎င်းတို့အကြောင်းကို သတင်းပေးနိုင်သူအား တရုတ်ယွမ် ၁၀၀,၀၀၀ မှ ယွမ် ၅၀၀,၀၀၀ ( မြန်မာငွေ သိန်း ၃၀၀ခန့်မှ သိန်း ၁,၅၀၀ခန့်)အထိ ပေးမည်ဟု  ဆုကြေးသတ်မှတ်ပြီး ၀ရမ်းထုတ်ခဲ့သည်။
ပေါက်အိုက်ပန်း နှင့်အိုက်ဟော်အား ယခုကဲ့သို့  ရာထူးမှ ထုတ်ပယ်လိုက်ခြင်းသည်  UWSA အပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုရှိသည်ကို တွေ့မြင်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတဦးက ပြောသည်။

တရုတ်နိုင်ငံသားများ အထိနာနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ့်နင်းရန် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အားတရုတ်က ဖိအားပေးလျက်ရှိသည်။နေပြည်တော်တွင်အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA နှစ်ပတ်လည်နေ့ အခမ်းအနားသို့ လာရောက်ခဲ့သည့် တရုတ်အစိုးရကိုယ်စားလှယ်ကလည်း စစ်​ကောင်စီ​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယင်းကိစ္စ ထည့်သွင်းပြောကြားသွားကြောင်းသတင်းရရှိသည်။

ယခုနှစ်ပိုင်းအတွင်း  မြန်မာဘက်အခြမ်းမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူဟု သံသယရှိသူ တရုတ်နိုင်ငံသား စုစုပေါင်း ၄,၆၆၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းတရုတ် ပြည်သူ့လုံခြုံရေးဌာနက အောက်တိုဘာ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly