ဒဂုံမြို့သစ်‌တွင် ရုရှားအော်သိုဒေါ့ ခရစ်ယာန်ဘုရားကျောင်း တည်ဆောက်မည်

ဒဂုံမြို့သစ်‌တွင် ရုရှားအော်သိုဒေါ့ ခရစ်ယာန်ဘုရားကျောင်း တည်ဆောက်မည်
ပုံ/  နစကဥက္ကဋ္ဌမှ ရုရှားနိုင်ငံ စင်ကာပူနှင့်အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီးနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများလဲလှယ်စဉ်။

ရုရှားနှင့် မြန်မာ ချစ်ကြည်ရင်းနှီးမှု (၇၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမှတ် (၃၄) တိုးချဲ့ရပ်ကွက်၊ မြေကွက်အမှတ် (F-6/B)၊ မြေဧရိယာ ၁ ဒသမ၂၅ ဧက ပေါ်တွင် ရုရှားအော်သိုဒေါ့ခရစ်ယာန် ဘုရားကျောင်း တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
 
ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့က အရှေ့တောင်အာရှဆိုင်ရာ ရုရှားအော်သိုဒေါ့ခရစ်ယာန် ဘုန်းတော်ကြီး His Eminence Metropolitan Sergyi ဦးဆောင်သည့်အဖွဲ့က ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးအားလာရောက်တွေ့ဆုံစဉ် ဘုရားကျောင်းတည်ဆောက်ရန်ကိစ္စရပ်ကို အမြန်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရေရရှိရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေးတို့ကိုလည်း ဆောင်ရွက်ပေးမှာဖြစ်တယ်ဟု မြို့တော်ဝန်ကပြောကြားကြောင်းလည်းသိရသည်။

‘’ကျွန်တော်သိရသလောက်တော့ ဘုရားကျောင်းတွေ ဆောက်လုပ်ခွင့်မပေးတော့ဘူး၊ ဆောက်လုပ်ခွင့်တင်ရင်လည်း ဘယ်တော့မှမကျဘူး၊ ပြင်ဆင်ခွင့်တင်ရင်တောင် မရဘူး၊ အဲဒီတော့ ရပ်ကွက်ထဲမှာအဆင်ပြေသလို လူနေအိမ်တွေ၊ တိုက်ခန်းတွေမှာစုပြီး ဝတ်ပြုဆုတောင်းရတယ်။ အခုရုရှားဘုရားကျောင်း ဆောက်ခွင့်ပေးတယ်ဆိုတော့ ဘယ်လိုပြောရမလဲ၊ ဘယ်သူတွေဝတ်ပြုကိုးကွယ်ကြမလဲပေါ့ ‘’ဟုလည်း ခရစ်ယာန်ဘာသာရေးဆရာ တဦးကဆိုသည်။

လက်ရှိ ကမ္ဘာပေါ်တွင် အော်ထဒေါ့စ်ခရစ်ယာန်ပေါင်း ၂၆၀ သန်းခန့်ရှိနေပြီး၊ ၎င်းတို့ထဲကမှ သန်း ၁၀၀ ခန့်သည် ရုရှားနိုင်ငံကဖြစ်ကြောင်း သိရပြီးလက်ရှိဖြစ်ပွားနေသည့် ရုရှားနိုင်ငံက ယူကရိန်းအပေါ် ကျူးကျော်စစ်ကို ထောက်ခံနေကြသည့် ဘာသာရေးဂိုဏ်းလည်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly