အိန္ဒိယက မြန်မာ့အရေးတွင် ရည်ရွယ်ချက်အကောင်းကို လမ်းကြောင်းအမှားနဲ့ ချဥ်းကပ်နေဟုဆို

By ပါခွီး (မဇ္စျိမ)
17 October 2023
အိန္ဒိယက မြန်မာ့အရေးတွင် ရည်ရွယ်ချက်အကောင်းကို လမ်းကြောင်းအမှားနဲ့ ချဥ်းကပ်နေဟုဆို
ပုံအညွှန်း - စစ်ခေါင်းဆောင်နှင့်တွေ့ဆုံနေသည့် အိန္ဒိယကိုယ်စားလှယ်အဖွဲ့

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဥ်၌ ပါဝင်လုပ်ဆောင်ရာတွင် ရည်ရွယ်ချက်ကောင်းသော်လည်း လမ်းကြောင်းအမှားဖြင့် ချဥ်းကပ်နေခြင်းဖြစ်ကြောင်း India for Myanmar လှုပ်ရှားမှုဦးဆောင်သူက သုံးသပ်ပြောဆိုလိုက်သည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ရှစ်နှစ်မြောက် အခမ်းအနားသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယနိုင်ငံ ၊ ဒုတိယ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E, Mr. Vikram Misri ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အဖွဲ့တို့ တွေ့ဆုံခြင်းကို မြန်မာအလင်းသတင်းစာက အောက်တိုဘာလ ၁၅ရက်နေစွဲဖြင့် ထုတ်ပြန်ခဲ့သည့်အပေါ် ယင်းသို့ ဝေဖန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အခုလို စကစထွက်ပေါက်အဖြစ်အသုံးပြုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ၊ ရွေးကောက်ပွဲ စတဲ့လုပ်ငန်းတွေကို ထောက်ခံပြီး အပြုသဘောဆောင်ချဥ်းကပ် တိုက်တွန်းနှိုးဆော်နေတာဟာ ကလေးဆိုးကြီးကို ချော့သိပ်သလိုဖြစ်နေပြီး သူတို့ရဲ့ ရည်ရွယ်ချက်အကောင်းကို လမ်းကြောင်းအမှားနဲ့ ချဥ်းကပ်နေတာဖြစ်တယ်” ဟု India for Myanmar လှုပ်ရှားမှုခေါင်းဆောင်တဦးဖြစ်သူ ဆလိုင်း ဒိုခါရ် က မဇ္စျိမကို ပြောသည်။

မြန်မာ့နိုင်ငံအရေးနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ ၊ အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့မှ စစ်ကောင်စီကို ချော့မြှူပြီး အပြောင်းအလဲလမ်းကြောင်းပေါ် ရောက်ရှိလာစေရန် ကြိုးစားအားထုတ်မှုများသည် လက်တွေ့နှင့် တထပ်တည်းမကျကြောင်းဆိုသည်။

ခေတ်အဆက် နိုင်ငံတကာနှင့် တရုတ်နိုင်ငံကပါ အသုံးပြုထားခဲ့သော အပြုသဘောဆောင် ချဥ်းကပ်ဖျောင်းဖျခြင်းသည် အောင်မြင်မှုမရှိခဲ့ဘဲ ယခုအခါ မြန်မာနိုင်ငံသားများကပါ ငြိမ်းချမ်းသောနည်းဖြင့်မရသဖြင့်လက်နက်စွဲကိုင်တော်လှန်နေသော အချိန်တွင် ကမ္ဘာ့ဒီမိုကရေစီအကြီးဆုံး နိုင်ငံက ၎င်းလမ်းစဥ်ဖြင့် ဆက်ဆံနေခြင်းသည် လုံးဝလမ်းမှားဖြစ်ကြောင်း ဆလိုင်း ဒိုခါရ်က ဆက်ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံမှုတွင် အိန္ဒိယနိုင်ငံအနေဖြင့် NCA ကို အပြည့်အဝယုံကြည်ကြောင်း ငြိမ်းချမ်းရေးနှင့် နယ်စပ်တည်ငြိမ်ရေးအတွက် အကူအညီများပေးသွားမည်ဟု ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့်အဖွဲ့က ပြောကြားခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာကဆိုသည်။

စစ်ကောင်စီကို တရားဝင်အစိုးရသဖွယ် ဆက်ဆံနေခြင်းအားဖြင့် ၎င်းတို့မှ နိုင်ငံတကာ အသိအမှတ်ပြုအစိုးရပုံစံမျိုးဖြင့် ဆန့်ကျင်နေသည့် အတိုက်အခံများကို မတရားဥပေဒေများအသုံးပြုပြီး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သယောင် ပြင်းပြင်းထန်ထန်နှိပ်ကွပ်လာနိုင်ကြောင်း India for Myanmar ခေါင်းဆောင်က ထောက်ပြပြောဆိုသည်။

၎င်းအပြင် စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော နေရာများနှင့် ပြည်သူများကို ဦးတည်တိုက်ခိုက်လာနိုင်ပြီး လူအခွင့်အရေးချိုးဖောက်မှုများ ပိုမိုရဲတင်းစွာ ပြုလုပ်လာနိုင်ကြောင်းဆိုသည်။

အိန္ဒိယနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ ၊ အာဆီယံနှင့် နိုင်ငံတကာအနေဖြင့် လက်ရှိစစ်ကောင်စီကို အပြုသဘောဆောင်ချဥ်းကပ်နေမှုနည်းလမ်းကို အသုံးမပြုဘဲ ပိတ်ဆို့အရေးယူ ဖိအားပေးသည့်နည်းကသာလျှင် အပြောင်းအလဲအတွက် ပိုမိုလက်တွေ့ကျနိုင်ကြောင်း ဆလိုင်းဒိုခါရ် က ၎င်းရဲ့အမြင်ကိုပြောသည်။

အခြားဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ(PDF) နှင့် တော်လှန်ရေးအင်အားစုများအနေဖြင့် အိန္ဒိယ - မြန်မာနယ်စပ်ကို အထူးအာရုံစိုက်ပြီး မြန်မာ့လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သူများဖြစ်ကြောင်း သိသာစေရန်ပြုလုပ်သင့်ကြောင်း အကြံပေးပြုထားသည်။

အိမ်နီးချင်းနိုင်ငံများအနေဖြင့် တော်လှန်ရေးအင်အားစုများအပေါ် စစ်ကောင်စီကို ဖြုတ်ချနိုင်သော အင်အားစုဖြစ်ကြောင်းနှင့် မြန်မာ့နိုင်ငံရေးတွင် ချန်လှပ်ထား၍ မရကြောင်းကို သိသာစေရန် စစ်ရေး ၊ သံတမန်ရေး ပေါင်းစပ်သော စစ်ဆင်ရေးများ ပြုလိုရန်လိုကြောင်းဆိုသည်။

သို့မှသာ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏အကျိုးစီးပွားနှင့် မြန်မာနိုင်ငံနှင့် ရေရှည်ဆက်ဆံရေးအတွက် ၎င်းတို့ချဥ်းကပ်လုပ်ဆောင်နေသော လမ်းစဥ်မှာ အမှားဖြစ်ကြောင်းသိရှိပြီး မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး အားပေးလာနိုင်မှာဖြစ်ကြောင်း India for Myanmar လှုပ်ရှားမှုခေါင်းဆောင် ဆလိုင်းဒိုခါရ် က ပြောဆိုခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required