ယခုနှစ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အရပ်သား ၃၆၀ ကျော်သေဆုံး

By 001 (မဇ္စျိမ)
24 October 2023
ယခုနှစ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အရပ်သား ၃၆၀ ကျော်သေဆုံး

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် အရပ်သား ၃၆၄ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃၃၁ ဦးရှိကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာလ ၂၃ ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန်သည်။

အဆိုပါ ရှစ်လတာအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၄၇၈ ခု ကျူးလွန်ခဲ့ပြီး ပျမ်းမျှအားဖြင့် တရက်လျှင် လေကြောင်းတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် နှစ်ကြိမ်နီးပါးရှိကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောသည်။

စစ်ကောင်စီအနေဖြင့် လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ အခြေစိုက်သည့် တပ်စခန်းများ၊ အရပ်သားများစုဝေးသည့် အခမ်းအနားများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ လူနေအဆောက်အဦများနှင့် လူနေစစ်ရှောင်စခန်းများကိုပါ လေကြောင်းပစ်မှတ်အဖြစ် တိုက်ခိုက်လျက်ရှိကြောင်းလည်း ဆိုထားသည်။

အဆိုပါ ရှစ်လတာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ဘာသာရေးအဆောက်အအုံ ၅၈ ခု၊ စာသင်ကျောင်း ၃၃ ကျောင်းနှင့် ဆေးရုံဆေးခန်း ၁၅ ခုထိခိုက်ပျက်စီးခဲ့သည်။

ထို့ပြင် ယခုနှစ် မေလမှ ဩဂုတ်လအထိ ဒုတိယလေးလတာကာလအတွင်းတွင်လည်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အကြိမ်ရေ ၂၇၀ ကျော်အထိရှိခဲ့ပြီး ကရင်နီဒေသ၊ စစ်ကိုင်းဒေသ၊ ချင်းဒေသ၊ ကရင်ဒေသနှင့် ကချင်ဒေသတို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုများ အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေးလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု ဒုတိယအများဆုံးဒေသများမှာ  ရှမ်း(တောင်)နှင့် ရှမ်း(မြောက်)ဒေသ၊ ပဲခူးဒေသ၊ မကွေးဒေသနှင့် မွန်ဒေသတို့ဖြစ်ပြီး တနင်္သာရီ၊ မန္တလေးနှင့် နေပြည်တော်တို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုများရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် နှစ်အလိုက် လေကြောင်းစစ်ဆင်ရေးလှုပ်ရှားမှုများကို နှိုင်းယှဉ်လေ့လာကြည့်ပါက လေကြောင်းအသုံးပြုတိုက်ခိုက်မှုနှုန်းမှာ တနှစ်ထက် တနှစ် ပိုမိုမြင့်တက်လာသည်နှင့်အမျှ အရပ်သားများ သေဆုံးဒဏ်ရာရမှုနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုအရေအတွက်မှာလည်း သိသိသာသာ တိုးမြှင့်လာလျက်ရှိကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခင် ၂၀၂၂ ခုနှစ်အတွင်း ရက်​ပေါင်း ၃၆၅ ရက်တွင် စစ်​ကောင်စီက ​လေ​ကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည့် ရက်​ပေါင်း ၂၀၀​ကျော်ရှိခဲ့ပြီး တိုက်ခိုက်မှုဖြစ်စဥ်​ပေါင်း ၃၃၉ ကြိမ် ကျူးလွန်ခဲ့ကာ တရက်လျှင် ​လေ​ကြောင်း အသုံးပြုတိုက်ခိုက်သည့်ဖြစ်စဥ် တကြိမ်နီးပါးရှိခဲ့​ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်အတွင်း စစ်​ကောင်စီ ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် အရပ်သား ၂၆၀ ဦး​​သေဆုံးခဲ့ပြီး ၈၅ ဦးဒဏ်ရာရရှိခဲ့​ကြောင်းလည်း သိရသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၉၀၂ ကြိမ် ကျူးလွန်ခဲ့ပြီး အဆိုပါ လေကြောင်းစစ်ဆင်ရေးများကြောင့် အရပ်သား ၆၈၇ ဦးသေဆုံးခဲ့ပြီး ၄၅၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

အဆိုပါ အစီရင်ခံစာပါအချက်အလက်များမှာ သတင်းမီဒီယာ ၄၀ ကျော်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ လူမှုကွန်ရက်စာမျက်နှာ ၁,၃၀၀ ကျော်ထံမှ ကောက်ယူထားခြင်းဖြစ်ကြောင်းလည်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အသိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly