လိုင်ဇာအနီးတိုက်ပွဲကြောင့် ထွက်ပြေးလာသူများ အကူအညီလိုအပ်နေ

By KMN (မဇ္ဈိမ)
18 July 2023
လိုင်ဇာအနီးတိုက်ပွဲကြောင့် ထွက်ပြေးလာသူများ အကူအညီလိုအပ်နေ
Photo -  CJ နန်ဆန်ယန်ရွာ(ပုံဟောင်း)  

ကချင်ပြည်နယ်၊ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး နမ်ဆန်ယန်ကျေးရွာတဝိုက်ကို ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ဝန်းကျင်မှစပြီး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ရွာခံ ၁,၀၀၀ ခန့် နီးစပ်ရာ မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ယင်းအနက် လူဦးရေ ၅၀၀ ခန့်မှာ ယခင်နေထိုင်ခဲ့သည့် ဝိုင်းမော်မြို့နယ်၊ မိုင်းနား ကက်သလစ် စစ်ရှောင် စခန်းတွင် ဇူလိုင်လ ၁၄ ရက်နေ့မှစကာ ပြန်လည်နေထိုင်နေကြပြီး စားနပ်ရိက္ခာ၊ အမိုးအကာအတွက် အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသူများက ပြောသည်။

“မိုင်းနားစစ်ရှောင်စခန်းကို မြစ်ကြီးနားဘုရားကျောင်းတခုကနေ လွန်ခဲ့တဲ့ သောကြာနေ့ (ဇူလိူင် ၁၄) က ရောက်သွားကြတာ၊ အိမ်ထောင်စု ၅၈ စုနဲ့ လူဦးရေက ၅၀၀ ကျော်လောက်ရှိတယ်၊ ထောက်ပံ့တဲ့ အဖွဲ့ အစည်းက မရှိသလောက်ပဲ။ ခါတိုင်းဆို စစ်ရှောင်လာပြီဆို တသီးပုဂ္ဂလ ထောက်ပံ့တာရှိတယ်၊ သီးသန့် အလှူရှင်တွေရှိတယ်၊ ခုကမရှိသလောက်ပဲ” ဟု စစ်ဘေးရှောင် ကူညီပေးနေသည့် နမ်ဆန်ယန်ကျေးရွာ၊ ကက်သလစ်ကျောင်းထိုင်ဘုန်းတော်ကြီးက မဇ္ဈိမကို မိန့်ကြားသည်။

မိုင်းနား ကက်သလစ်စစ်ဘေးရှောင်စခန်းရောက် နမ်ဆန်ယန်ရွာခံများကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ် ၁၀၀ ခန့်၊ မြစ်ကြီးနားကရုဏာအသင်းက စားနပ်ရိက္ခာအချို့လှူဒါန်းမူရှိခဲ့သော်လည်း အလှူရှင် နည်းပါးနေသည့်အတွက် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

မိုင်းနား ကက်သလစ်စစ်ရှောင်စခန်းရှိ အခန်းအချို့သည် စစ်ဘေးရှောင်များ ပြန်လည်နေထိုင်ရန်အတွက် ပြုပြင်ရန်လိုအပ်နေပြီး အမိုးအကာများလည်း လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။ 

မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော် လမ်းပိုင်းတွင် တည်ရှိသည့် နမ်ဆန်ယန်ကျေးရွာသည် လူဦးရေ ၁,၀၀၀ ခန့် နေထိုင်သည့် ရွာကြီး ဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာခံများ ထွက်ပြေးခဲ့ရကာ ရွာပျက်ကြီးအဖြစ် ကျန်ခဲ့သည်။

ယင်းနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်ဆန်းမှ စတင်ကာ ရွာခံများ တဖြည်းဖြည်း ပြန်လည်ဝင်ရောက် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကြောင်းများ မကြာ ခဏဝင်ထွက်နေခြင်းကြောင့် ရွာခံများထပ်မံတိမ်းရှောင်နေရရာ ယခုနှစ် ဇူလိူင် ၃ ရက်နေ့ဝန်းကျင်မှစကာ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသည့်အတွက် ရွာလုံးကျွတ် တကျော့ပြန်ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ရခြင်း ဖြစ်သည်။

“တောင်ယာက ကြက်တွေ၊ ဝက်တွေ စောင့်ကြည့်တဲ့သူရယ်၊ ရွှေတူးဖော်နေတဲ့သူရယ်လောက်ပဲ ကျန် နိုင်တယ်၊ ရွာသားတွေတော့ အာလုံးတိမ်းရှောင်ကုန်ပြီ” ဟု နမ်ဆန်ယန်ရွာ စစ်ဘေးရှောင် ကူညီပေးသူ တဦးက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ၁၂ မိုင် အကွာရှိ နမ်ဆန်ယန်ကျေးရွာ အနီးတွင်  ဇူလိုင် ၈ ရက်နေ့က စတင်တိုက်ပွဲများ ဖြစ်ခဲ့ပွားခဲ့ရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ငါးကြိမ်ခန့် ပစ်ခတ်ခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဗဟိုဌာနချုပ်နယ်မြေ လုံခြုံရေးအတွက်အရေးပါသည့် နမ်ဆန်ယန် ကျေးရွာအနီးရှိ ဒွမ်ဘန်ဘွမ်၊ ထွယ်ဝါဘွမ့်၊ ဖုန်ကရောင်ဘွမ့် စသည့်နေရာများတွင် စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲချင်သည့်အတွက် စစ်ကြောင်းထိုးရာမှ တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ကချင်သတင်းဌာနသို့ ပြောကြားထားသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required