မိုးကုတ်ဗျူဟာကုန်းမှ အတွဲလိုက်ဒုံးကျည်များဖြင့်ပစ်ခတ်နေ၍ မြို့နေလူထု စိုးရိမ်ထိတ်လန့်

By 007 (မဇ္ဈိမ)
26 October 2023
မိုးကုတ်ဗျူဟာကုန်းမှ အတွဲလိုက်ဒုံးကျည်များဖြင့်ပစ်ခတ်နေ၍ မြို့နေလူထု စိုးရိမ်ထိတ်လန့်

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ စစ်ကောင်စီ၏ဗျူဟာကုန်းမှ အတွဲလိုက်ဒုံးကျည်များဖြင့် ရမ်းသန်းပစ်ခတ်နေ၍ မြို့နေလူထု စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံများကပြောသည်။

ယနေ့ အောက်တိုဘာလ ၂၆ ရက် နံနက် ၇ နာရီခန့်မှစ၍ မိုးကုတ်မြို့ စစ်ကောင်စီဗျူဟာကုန်းမှ အတွဲ လိုက်ဒုံးကျည်များဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး TNLA ပူးပေါင်းတပ်ဖွဲ့စစ်စခန်းများရှိရာ ဖြူရောင်၊ ညောင် ကုန်း၊ လယ်ကြီးနှင့် ဟိုခို ကျေးရွာများဘက်သို့ ရမ်းသန်းပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း မြို့ခံအချို့က သုံး သပ်သည်။

“မနက် ၇ နာရီလောက်ကစပြီး လက်နက်ကြီးသံတွေကြားရတာ နေ့လယ် ၁ နာရီဝန်းကျင်ထိပဲ။ ဗျူဟာကုန်းကနေ ရမ်းသန်းပစ်နေတာပါ၊ ဘယ်ကိုပစ်မှန်းတော့မသိဘူး၊ ဒါပေမယ့် အိမ်တွေပေါ်ကနေ လက်နက်ကြီးတွေဖြတ်သွားသလို ခံစားရတယ်။ တမြို့လုံးလည်း ရင်တထိတ်ထိတ်နဲ့ နေနေကြရတယ်” ဟု လုံခြုံရေးအရအမည်ဖော်ပြလိုခြင်းမရှိသည့် ဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။

“အဲဒီရွာလေးရွာဘက်ကို မနက်မိုးလင်းကတည်းက ရမ်းသန်းပစ်နေတာ၊ အခုညနေ(ညနေ ၄ နာရီခွဲ) အထိကိုပဲ၊ ဒုံးတွေက အတွဲလိုက်ဒုံးတွေ ဖြစ်နိုင်တယ်။ မြို့ပေါ်မှာ တချို့အိမ်တွေ တုန်ခါပြီး ထိခိုက်ပျက် စီးတာရှိတယ်၊ မှန်တွေကွဲကျတာတို့ ဘာတို့ပေ့ါ” ဟု အခြားဒေသခံတစ်ဦးကလည်းပြောသည်။

နံနက် ၇ နာရီခန့်မှ ညနေ ၄ နာရီခွဲအချိန်ခန့်အထိ နာရီဝက်ခြားတကြိမ် လက်နက်ကြီးသံများကြား နေရကြောင်း၊ မြို့လူထုအနေဖြင့် နေအိမ်များပေါ်သို့ လက်နက်ကြီးကျမည်ကို စိုးရိမ်ပူပန်စိတ်ဖြင့် နေထိုင်နေကြရကြောင်း ဒေသခံများကလည်းဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့က မိုးကုတ်မြို့နယ်အတွင်းရှိ TNLA ပူးပေါင်းတပ်ဖွဲ့ အထိုင်ချထား သော ကုန်းစံကျေးရွာအနီးသို့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းထိုးဝင်လာရာမှ နှစ်ဘက်တိုက်ပွဲများဖြစ်ပွား ခဲ့သည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများရှိခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ ၎င်းကျေးရွာအနီးဝန်းကျင်နှင့် မိုးကုတ်မြို့အနောက်ပိုင်း(ကျပ်ပြင်ရပ်)အား လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း မကြာခဏပြုလုပ်နေသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း အထက်ညောင်ကုန်းကျေးရွာအား ဗုံးရှစ်လုံးကြဲချသဖြင့် နေအိမ် ၁၀လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရကြောင်း PSLF/TNLA သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ - ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာမှ နေအိမ်များ မီးလောင် ပျက်စီးမှု(Photo TNLA)

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required