အမေရိကန် ဓားစာခံ ၂ ဦးကို ဟားမတ်စ် ပြန်လွှတ်ပြီးနောက် ‘အောင်ပွဲရသည့် တိုက်ခိုက်မည်’ ဟု အစ္စရေး ပြော

အမေရိကန် ဓားစာခံ ၂ ဦးကို ဟားမတ်စ် ပြန်လွှတ်ပြီးနောက် ‘အောင်ပွဲရသည့် တိုက်ခိုက်မည်’ ဟု အစ္စရေး ပြော
Photo-EPA

ဟားမတ်စ်က အမေရိကန်ဓားစာခံ နှစ်ဦးအား ပြန်လွှတ်လိုက်သည့်နောက်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာတွင် “အောင်ပွဲရသည့်အထိ တိုက်ခိုက်သွားမည်”ဟု စိတ်ပိုင်းဖြတ် ပြောဆိုလာရာ ၎င်းစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများ မရပ်ဘဲ ဒေသအား မျှော်လင့်ရသည့် ကျူးကျော်မှုအဖြစ် လက္ခဏာပြသလျက် ရှိသည်။

အောက်တိုဘာ ၇ ရက်က အစ္စရေး တောင်ပိုင်းကို တိုက်ခိုက်ချိန်က ဖမ်းဆီးခဲ့သော အမေရိကန် မိခင်နှင့် သမီးဖြစ်သူ ဂျူဒဏ်ရှ်နှင့် နာတာလီ ရန်နန်တို့အားအစ္စလာမ္မစ် ဟားမတ်စ်အုပ်စုက သောကြာနေ့တွင် ပြန်လွှတ်လိုက်သည်။

အစ္စရေးသို့ ဟားမတ်စ်လက်နက်ကိုင်များ ဝင်စီးပြီး အရပ်သား အများစုဖြစ်သည့် လူပေါင်း ၁,၄၀၀ သေဆုံးကာ ဓားစားခံ ၂၀၀ နီးပါး ဖမ်းဆီးသွားချိန်မှစကာ ယခု ပြန်လွှတ်ပေးမှုသည့် နှစ်ဖက်စလုံးက အတည်ပြုပေးသည့် ပထမဆုံး ဓားစာခံများပဲ ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ဓားစားခံ ဖမ်းဆီးခံရသူတွေထဲက နှစ်ဦးဟာ အိမ်ပြန်ရောက်နေပါပြီ၊ အဓမ္မ ခေါ်ဆောင်ခံရသူတွေနဲ့ ပျောက်ဆုံးနေသူတွေ အားလုံး ပြန်လွတ်ရေး ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ လက်လျှော့သွားမှာ မဟုတ်ဘူ”ဟု နေတန်ယာဟုက သောကြာနေ့ ညပိုင်း ထုတ်ပြန်ချက်၌ ပြောသည်။

“တချိန်တည်းမှာပဲ ကျွန်တော်တို့တွေ အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ခိုက်သွားမယ်”ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

အစ္စရေးသည် ပြင်ဆင်ထားသော မြေပြင်ကျူးကျော်မှုအတွက် ဂါဇာပတ်လည်တွင် တင့်ကားများနှင့် တပ်ဖွဲ့ဝင်များ ချထားသည်။ အစ္စရး၏ ဂါဇာအား ဗုံးကြဲမှု၌ ကလေးငယ် ရာနှင့်ချီ အပါအဝင် ပါလက်စတိုင်း ၄,၁၃၇ ဦး သေဆုံးပြီး တသန်းကျော်ထက်မနည်း ဘေးလွတ်ရာ ရွှေ့ပြောင်းရကြောင်း ပါလက်စတိုင်း တာဝန်ရှိသူများအရ သိရသည်။

သောကြာနေ့ နှောင်းပိုင်းတွင် Air Force One လေယာဉ်လှေကားပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်နေစဉ် အင်ဂျင်စက်သံကြားမှ သတင်းထောက်များက လှမ်းအော်မေးကြသည်။ တခုသော မေးခွန်းတွင် ဓားစာခံများ ပို၍ လွတ်မြောက်လာသည့်အထိ ဂါဇာကို ကျူးကျော်မှုအား အစ္စရေးက နှောင့်နှေးထားသင့်သလားဟူ၍ ဖြစ်သည်။

“ဟုတ်ပါတယ်”ဟု ဘိုင်ဒင်က တုံ့ပြန်ခဲ့သည်။

နောက်ပိုင်းတွင် အိမ်ဖြူတော်က ပြောရာ၌ ဘိုင်ဒင်က မေးခွန်းကို အပြည့်အစုံ မကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“သမ္မတက အဝေးမှာ ရှိတယ်၊ သူဟာ မေးခွန်း အပြည့်အစုံကို မကြားခဲ့ဘူး”ဟု အိမ်ဖြူတော် ဆက်သွယ်ရေးဒါရိုက်တာ ဘန်လာဘော့က ပြောသည်။

“မေးခွန်းက ‘ဓားစာခံတွေ များများ ပြန်လွတ်လာတာ မြင်လိုသလား’ ဆိုတာမျိုး ဖြစ်ပါမယ်၊ သမ္မတအနေနဲ့ကတော့ ဘာမှ မှတ်ချက်မပေးပါဘူး”ဟု လာဘော့က ထပ်လောင်း ပြောသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ် ဂါလဲန့်က ပါလီမန်ကော်မတီတရပ်ရှေ့ ပြောဆိုရာတွင် အစ္စရေး၏ ရည်မှန်းချက်များကို မြန်မြန်ဆန်ဆန်နှင့် အလွယ်တကူ ရလိမ့်မည် မဟုတ်ဟု ဆိုသည်။

“ကျွန်တော်တို့ ဟားမတ်စ်အဖွဲ့အစည်းကို ဖြုတ်ချသွားပါမယ်၊ ဟားမတ်စ်စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ဖျက်ဆီးပစ်မယ်၊ ဒါဟာ လွယ်ကူမှာတော့ မဟုတ်ဘူး၊ တန်ဖိုး ပေးရလိမ့်မယ်”ဟု ဂါလဲန့်က ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly