ဂါဇာဒုက္ခသည်စခန်းကို အစ္စရေး၏ တိုက်ခိုက်မှုက စစ်ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ ပြော

ဂါဇာဒုက္ခသည်စခန်းကို အစ္စရေး၏ တိုက်ခိုက်မှုက စစ်ရာဇဝတ်မှုမြောက်နိုင်ဟု ကုလ ပြော
Photo-AFP

ဂါဇာကမ်းမြောင်၏ အကြီးဆုံး ဒုက္ခသည်စခန်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းက စစ်ရာဇဝတ်မှု မြောက်နိုင်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက နိုဝင်ဘာ ၁ ရက်တွင် ပြောသည်။

ဂျဘယ်လီယာ ဒုက္ခသည်စခန်းကို အစ္စရေးက နှစ်ရက်အတွင်း နှစ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိကြောင်း ဟားမတ်စ် ကွပ်ကဲသည့် ပါလက်စတိုင်းနယ်မြေမှ ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။

အောက်တိုဘာ ၃၁ ရက် စီးနင်းတိုက်ခိုက်မှုက ဟားမတ်စ် အဆင့်မြင့်တပ်မှူး အီဘရာဟင် ဘီယာရီကို ပစ်မှတ်ထားလုပ်ဆောင်ခြင်းဖြစ်ပြီး အောင်မြင်သည့် တိုက်ခိုက်မှုဖြစ်ခဲ့ဟု အစ္စရေးက ပြောသည်။

“ဂျဘယ်လီယာ ဒုက္ခသည်စခန်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်အပြီးမှာ အရပ်သား သေကျေဒဏ်ရာရမှု အရေအတွက် အင်မတန် များပြားတာနဲ့ ထိခိုက်ပျက်စီးမှု အတိုင်းအတာ ကြီးမားတာကြောင့် အဲဒီ အချိုးအစား မမျှတတဲ့ တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တဲ့အပေါ် မိမိတို့ အလွန်တရာ စိုးရိမ်ပူပန်မိတယ်” ဟု ကုလရုံးက တွစ်တာ (အိတ်စ်) တွင် ရေးသည်။

အစ္စရေးသည် နိုင်ငံသမိုင်းတွင် အဆိုးဆုံး တိုက်ခိုက်ခံရမှုအပေါ် လက်တုံ့ပြန်လျက် ဂါဇာကို မရပ်မနား တိုက်ခိုက်မှုများ လုပ်ဆောင်ထားသည်။

ဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်တွင် ဂါဇာမှ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးကို တိုက်ခိုက်ခဲ့ရာ အရပ်သား အများစု အပါအဝင် လူ ၁,၄၀၀ ခန့် သေဆုံးပြီး လူ ၂၃၀ ကျော် ဓားစာခံ ဖမ်းဆီးခံရကြောင်း အစ္စရေးတာဝန်ရှိသူများက ပြောသည်။

အစ္စရေး၏ လက်တုံ့ပြန်လုပ်ဆောင်သည့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် လူ ၈,၇၉၆ ဦး သေဆုံးခဲ့ကြောင်း ဟားမတ်စ် ကွပ်ကဲသည့် ဂါဇာ၏ ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required