အမေရိကန်သို့ထွက်ပြေးရန်ကြိုးစားသော တရုတ်လူ့အခွင့်အရေးရှေ့နေ လာအိုတွင်ထိန်းသိမ်းခံရကာ နေရပ်ပြန်ပို့ခံရမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရ

အမေရိကန်သို့ထွက်ပြေးရန်ကြိုးစားသော တရုတ်လူ့အခွင့်အရေးရှေ့နေ လာအိုတွင်ထိန်းသိမ်းခံရကာ နေရပ်ပြန်ပို့ခံရမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရ

အမေရိကန်သို့ ထွက်ပြေးရန် ကြိုးစားသော တရုတ်လူ့အခွင့်အရေး ရှေ့နေတစ်ဦးသည် ခရီးသွားစာရွက်စာတမ်းအတုပြုလုပ်သည်ဟု စွပ်စွဲခံရကာ လာအိုမှ ထိုင်းနိုင်ငံသို့သွားမည့် ရထားပေါ်သို့တက်စဉ် ဖမ်းဆီးခံရကြောင်း New York Times (NYT) က ဖော်ပြသည်။

လူ့အခွင့်အရေးနှင့် နိုင်ငံရေးလှုပ်ရှားသူများကို ခုခံကာကွယ်ရန် အရေးပါသော အမှုများကို ကိုင်တွယ်သူတစ်ဦးဖြစ်သည့် လူစီဝေသည် ယခုအခါ လာအို အချုပ်အနှောင်တွင်ရှိနေကာ နေရပ်ပြန်ပို့ခံရမည့် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်။

ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များက “လူအခွင့်အရေး မြှင့်တင်ရန်၊ ကာကွယ်ရန် သို့မဟုတ် စောင့်ရှောက်ရန် ငြိမ်းချမ်းစွာ လုပ်ဆောင်နေကြသည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများသည် ထွက်ပြေးနေရချိန်မှာပင် ညှင်းပန်းနှိပ်စက်ခံနေရသည်မှာ လက်ခံနိုင်ဖွယ်မရှိကြောင်း လူစီဝေအား နေရပ်ပြန်မပို့ရန် လာအိုအား တိုက်တွန်းသည့် ကြေညာချက်တွင် ဖော်ပြထားကြောင်း NYT က ဆိုသည်။
ကျွမ်းကျင်ပညာရှင်များက အဆိုပါလှုပ်ရှားမှုကို တရုတ်၏လက်တံရှည် သို့မဟုတ် နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုအဖြစ် ခေါ်ဝေါ်ခဲ့ကြသည်။

အမေရိကန်နိုင်ငံကို ပြောင်းရွှေ့လာသော ထင်ရှားသည့် တရုတ်လူ့အခွင့်အရေးရှေ့နေ လီဖန်ပင်းက နိုင်ငံတွင်းရှိအာဏာရှင်ဆန်သောနည်းပရိယာယ်များနှင့်ပေါင်းစပ်ထားသည့် ယခုလှုပ်ရှားမှုသည် တရုတ်နိုင်ငံတွင်းရှိ အခွင့်အရေးများကို ကာကွယ်ပေးသော နယ်ပယ်ကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားသည်ဟု ဆိုသည်။ မိသားစုများအပါ်လည်း ဖိအားများတိုးလာခြင်းနှင့်အတူ ရှေ့နေများမှာ တရုတ်မှ ထွက်ခွါရန်ကြိုးပမ်းနေကြသော်လည်း အာဏာရှင်များက ၎င်းတို့အပေါ် ခရီးသွားလာခွင့်များကိုပါကန့်သတ်ထားကြောင်း လီဖန်ပင်းက ပြောသည်။

လာအိုတွင် ထိန်းသိမ်းခံရသော လူစီဝေ၏ ဇနီးနှင့် သမီးငယ်မှာ အမေရိကန်သို့ အရင်ဆုံး ပြောင်းရွှေ့သွားခဲ့သည်။ လူစီဝေသည် ၂ နှစ်နီးပါးအကြာ ပြီးခဲ့သည့်လက တရုတ်နိုင်ငံမှထွက်ကာ လာအိုနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်။ လူစီဝေသည် ရက်အနည်းငယ်အကြာ၌ ထိုင်းသို့သွားမည့် ရထားတစ်စင်းပေါ်သို့တက်ရန် အသင့်ပြင်နေချိန်တွင် ဒေသအာဏာပိုင်များ၏ ဖမ်းဆီးမှုခံရကြောင်း NYT ကဖော်ပြခဲ့သည်။

တရုတ်အာဏာပိုင်များသည် ဆယ်စုနှစ်များစွာအတွင်း ထိန်းချုပ်မှု အတင်းကျပ်ဆုံးခေါင်းဆောင် ရှီကျင့်ဖျင်လက်ထက်၌ နိုင်ငံပြင်ပတွင် ၎င်း၏ကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ခဲ့သည်။ ၎င်းတို့သည် နိုင်ငံရပ်ခြားတွင် လျှို့ဝှက်ရဲစခန်းများ တည်ဆောက်ခြင်း၊ နိုင်ငံရပ်ခြားသို့ တိမ်းရှောင်သွားသော ဝေဖန်ရေးသမားများအတွက် ဆုကြေးငွေများ ထုတ်ခြင်းနှင့် သတင်းပေးသူများအဖြစ် လုပ်ကိုင်စေသည့် ပြည်ပရောက်တရုတ်နိုင်ငံသားများကို သတင်းပေးသူအဖြစ် အတင်းအကြပ် ဖိအားပေးခိုင်းစေခြင်း၊ အဝေးရောက်ပြည်ပြေးများကို ထိန်းသိမ်းစေခြင်း သို့မဟုတ် နေရပ်သို့ ပြန်ပို့ခိုင်းခြင်းများ လုပ်ဆောင်သည်။ 

တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးကို လေ့လာနေသော King's College London မှ ဥပဒေပါမောက္ခ အက်ဗာပစ်လ် က “တကယ်တမ်း ခြိမ်းခြောက်မှုက တရုတ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ခြေဆန့်လာသလို အဲဒီထက်တောင် ကျော်လွန်ခဲ့ပါတယ်။ ဘယ်နေရာမှာမှ မလုံခြုံတော့ပါဘူး ။ ဒါဟာ သက်ဆိုင်သူတိုင်းအတွက် ခြိမ်းခြောက်မှုတွေဖြစ်ပြီး တခြားအစိုးရတွေ သူတို့ရဲ့ တရားစီရင်ပိုင်ခွင့်အတွင်း လူတွေကို ဘေးကင်းအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းကို ပျက်ပြားစေပါတယ်။" ဟု ပြောသည်။

ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နှင့် လာအိုအစိုးရများသည် အရှေ့တောင်အာရှနိုင်ငံများ၏ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြုပ်နှံမှုအများအပြားပြုလုပ်ပေးသည့် တရုတ်၏ ကုန်သွယ်ရေးမိတ်ဖက်ဖြစ်သောကြောင့် ဖြစ်နိုင်သည်မှာ တရုတ်နိုင်ငံ၏တောင်းဆိုချက်အရ တရုတ်ဆန့်ကျင်သူများကို ထောင်သွင်းအကျဉ်းချခြင်း သို့မဟုတ် နေရပ်သို့လွှဲပြောင်းပေးခြင်းပြုလုပ်သည်။

ကမ္ဗောဒီးယားသည် ၂၀၀၉ ခုနှစ်က ဝီဂါ ခိုလှုံခွင့်တောင်းသူ ၂၀ ဦးကို တရုတ်သို့ ပြန်ပို့ခဲ့သည်။ ဟောင်ကောင်မှ တရုတ်ဆန့်ကျင်ရေးဆန္ဒပြသူများ၏အမှုကိုပါ ကိုင်တွယ်ပေးသည့် လူစီဝေသည် အစပိုင်းတွင် ထိန်းချုပ်မှုများမှ ထွက်ပြေးခဲ့ပုံရသည်။ သူ့ကို လာအိုမှ ထိုင်းသို့သွားမည့် ရထားကို စီးရန် ကြိုးပမ်းစဉ် နောက်ဆုံးမြင်တွေ့လိုက်ရခြင်းဖြစ်သည်။ လူစီဝေသည် အရာရှိ ၃ ဦး၏ထိန်းသိမ်းမှုကိုခံရကာ ပြန်ပို့ခံရမည့်အန္တရာယ်ရှိနေကြောင်း ဇနီးအား ‌နောက်ဆုံးအနေဖြင့် ဖုန်းဆက်အကြောင်းကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly