အုတ်ဖိုမြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၀ ဦး ဖမ်းဆီးခံရ

By ရွှေနွယ်(မဇ္ဈိမ)
01 May 2023
အုတ်ဖိုမြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၀ ဦး ဖမ်းဆီးခံရ

ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်တွင် မြို့မရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အရပ်သား ၁၀ ဦးအား စစ်ကောင်စီတပ်မှဖမ်းဆီးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများမှမဇ္ဈိမကိုပြောသည်။

ဧပြီလ ၁၄ ရက်နေ့ ည ၁၀ နာရီတွင်  သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၈၀၂)တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ အုတ်ဖိုမြို့မရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ တိုက် ခိုက်ခံရပြီးနောက် အဆိုပါညမှာပင် အရပ်သားခြောက်ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့သည်။

အုတ်ဖို(၂)လမ်းနေ ကျော်နိုင်စိုး (လျှပ်စစ်ပစ္စည်းဆိုင်)၊ ကိုရဲကြီး (NLD ပါတီဝင်)၊ မြို့သစ်နေ ပရဟိတ အသင်းကားမောင်းသူ၊ အုတ်ဖိုမြို့မဈေးကောက်တစ်ဦးနှင့် အခြား အမည်စုံစမ်းဆဲနှစ်ဦး စုစုပေါင်း ခြောက် ဦးအားဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တစ်ဦးသာပြန်လွတ်သေးကြောင်း သာယာဝတီခရိုင် ပြန်ကြားရေးတာဝန်ခံတစ်ဦးမှ ပြောသည်။

ထို့နောက် ဧပြီလ ၁၅ ရက်နေ့ ညပိုင်းတွင် ကျော်ရဲဆေးဆိုင်ပိုင်ရှင် ကိုကျော်ရဲလွင်၊ ဧပြီလ ၁၆ ရက်နေ့တွင် ကိုမင်းသွေးပိုင်၊ ကိုထော်လေးနှင့် ကိုသာဂိတို့ ထပ်မံဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

“တကယ်လုပ်တဲ့သူတွေ ဖမ်းမမိတိုင်း မဆိုင်သူတွေကို တရားခံအနေနဲ့ ဖမ်းဆီးနေတာက စစ်ကောင်စီရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဆိုတာကို ပြသနေပါတယ်။ စစ်အာဏာရှင်သက်ဆိုးရှည်နေသ၍ ဘယ်သူ မဆို အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကိုခံနေရမှာပဲမို့ စစ်အာဏာရှင်စနစ်ကျဆုံးအောင် ပြည်သူအားလုံးပါဝင်ကြဖို့ တိုက်တွန်းပါတယ်" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးမှ မဇ္ဈိမကိုပြောသည်။

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်တွင်လည်း ဧပြီလ ၂၂ ရက်နေ့က ထရန်စဖော်မာ အနီး၌ ဗုံးတွေ့ရှိမှုဖြင့် ပြည်သူခြောက်ဦးကို ဖမ်းဆီးသွားခဲ့သည်။

ထိုခြောက်ဦးအနက်မှ ရဲသတင်းပေးတစ်ဦးကိုမူ တစ်ရက်အတွင်းပြန်လွှတ်ပေးခဲ့ပြီး ငါးဦးကိုဆက်လက် ဖမ်းဆီးထားခဲ့ကာ စာတိုက်ရုံးဝန်ထမ်းကိုရဲမင်းကိုမူ ၎င်း၏စာတိုက်မှူးက လိုက်ထုတ်ပေးသောကြောင့် ပြန်လွတ်လာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျန်သည့်ဖမ်းဆီးခံထားရသူ ၄ ဦးမှာပြန်မလွတ်လာသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ရဲများသည် ၎င်းတို့နှင့်သက်ဆိုင်သည့်နေရာများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံရပြီးလျှင် အရပ်သားပြည်သူများအားဖမ်းဆီးလေ့ရှိပြီး၊ အချို့ကို ပြန်လွှတ်ပေးသော်လည်း ဆက်လက်ဖမ်းဆီးခံထားရသူများလည်းရှိဆဲဖြစ်ကြောင်းနှင့် ပြန်လွတ်နိုင်ရန် မိသားစုများမှ ငွေဖြင့်လိုက် ထုတ်ရကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ထို့ပြင် ပဲခူးတိုင်းအနောက်ခြမ်းတွင် လူမှုကွန်ယက်ပေါ်၌ NUG နှင့် PDF တို့အား အားပေးထောက်ခံသည့် ပို့စ်များရေးသားခြင်း၊ ရေးသားသူများ၏ ပို့စ်များအောက်တွင် မှတ်ချက်ဝင်ပေးခြင်းကြောင့် ဖမ်းဆီးခံနေရ သူများလည်းရှိနေကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required