နတ်တလင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံး

By ရွှေနွယ်( မဇ္ဈိမ )
10 August 2023
နတ်တလင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံး
ပုံအညွှန်း - ပျဥ်းမခေါင်ကျေးရွာမှနေအိမ်ဖျက်ဆီးခံထားရပုံ (ပုံဟောင်း)

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်တွင် ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ခန့်က ကြက်မနက်ကျေးရွာစခန်းကုန်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကာကွယ်ရေး တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့သည်ဟု Phoenix DF တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဂျူပီတာက မဇ္ဈိမကိုပြောသည်။

အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ် ရေးတပ်ရင်း ၃၈၀၁ တပ်ခွဲ (၂) Phoenix DF တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားလေးဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိပြီး အလောင်းနှင့် ဒဏ်ရာရသူများအားသယ်ဆောင်ကာ ကြက်မနက်ကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ထို့နောက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပျဉ်းမခေါင်ကျေးရွာကို စစ်ကောင်စီ တပ်ကမီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

“ပျဉ်းမခေါင်ရွာမီးရှို့ခံရတာ ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီ တပ်သားတွေက ရွာထဲမှာရှိနေဆဲဖြစ်တဲ့ အတွက်ပါ” ဟု Phoenix DF တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဂျူပီတာကပြောသည်။

မိုင်းဆွဲခံရသဖြင့်သေဆုံးသော စစ်ကောင်စီတပ်သားဦးရေနှင့်ပတ်သက်၍ မြေပြင်ဒေသခံများ၏ ပြောဆို ချက်အားကိုးကားပြီး သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏တာဝန်ရှိသူမှလည်း အတည်ပြု သည်။

“လေးဦးသေဆုံးက ဒေသခံတွေရဲ့ပြောဆိုချက်အရ ကျွန်တော်တို့အတည်ပြုပါတယ်။ ဟိုရက်ကလည်း ကြက်မနက်မှာပဲ MRF က မိုင်းဆွဲလို့ စစ်ကောင်စီတပ်သား သေဆုံးမှုဖြစ်ခဲ့ပါသေးတယ်။ ပျဉ်းမခေါင်ရွာက တော့ မီးရှို့ခံရတာ ဒီအကြိမ်က ပထမဆုံးမဟုတ်ပါဘူး” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏တာဝန်ရှိသူက ဆိုသည်။

ဩဂုတ်လ ၄ ရက်နေ့ကလည်း ကြက်မနက်ကျေးရွာဘက်မှ ပျဉ်းမခေါင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်ကို MRF-Nattalin တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံနေရသော စစ်ကောင်စီစစ်ကြောင်းသည် အင်းမမြို့အခြေစိုက် တပ်မ(၆၆)လက်အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်ကာ ဗိုလ်ကြီးနေမျိုးအောင် စစ်ကြောင်းမှူးအဖြစ် ဦးဆောင်လာခြင်းဖြစ်ကြောင်းသိရ သည်။

တိုက်ပွဲဖြစ်ပွားရာ ကြက်မနက်ကျေးရွာနှင့် မီးရှို့ခံရသည့် ပျဉ်းမခေါင်ကျေးရွာတို့သည် နတ်တလင်းမြို့ အရှေ့ဘက် တောင်ညိုဆည်အထက် ပဲခူးရိုးမအတွင်း၌ တည်ရှိသည်။

ပျဉ်းမခေါင်ကျေးရွာသည် အိမ်ခြေ ၅၀ ဝန်းကျင်ခန့်သာရှိသည်ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က ရွာမှ ဖယ်ရှားရန် ဖိအားပေးမှုနှင့်အတူ မကြာခဏမီးရှို့ခြင်းခံနေရသောကြောင့် ရွာခံများသည် ပေါင်းတည်မြို့ ဘက်သို့ ရှောင်တိမ်းနေကြရပြီး မကြာသေးမီကမှ ရွာသို့ပြန်လည်ရောက်လာသူများလည်းရှိကြောင်း သိရ သည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly