နတ်တလင်းမြို့နယ်မှ ပြည်သူ ၃ ဦး ပန်းပန်မှုဖြင့် ဖမ်းဆီးခံရ

By ရွှေနွယ်( မဇ္ဈိမ )
20 June 2023
နတ်တလင်းမြို့နယ်မှ ပြည်သူ ၃ ဦး ပန်းပန်မှုဖြင့် ဖမ်းဆီးခံရ

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်မှ ပြည်သူသုံးဦးသည် ပန်းပန်၍ လူမှုကွန်ရက်တွင်ပုံတင်မိ၍ စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများမှ မဇ္ဈိမသို့ပြောသည်။

ဖမ်းဆီးခံရသူများသည် နတ်တလင်းမြို့နယ် တာပွန်မြို့တွင်နေထိုင်သည့် မဝင်းလေး၊  ရွာသာကုန်းရွာမှ ကိုသန့်ဇင်ထက်နှင့် နတ်တလင်းမြို့ပေါ်မှ မခင်ပြည့်ပြည့်အောင်တို့ဖြစ်ပြီး လက်ရှိတွင် နတ်တလင်းမြို့မရဲစခန်း၌ ဖမ်းဆီးထားကြောင်းသိရသည်။

“ မနေ့က ညနေပိုင်းကဖမ်းသွားတာပါ။ လူမှုကွန်ရက်မှာ ပန်းပန်တဲ့ပုံတွေတင်တဲ့အတွက် စစ်လော်ဘီချန်နယ်တွေမှာ ဖမ်းဖို့စာရင်းတက်လာပြီးတဲ့နောက် လာဖမ်းသွားတာပါ ” ဟု နတ်တလင်းမြို့ ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူများအနက် ကိုသန့်ဇင်ထက်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းစကာလက ပုဒ်မ ၅၀၅−က ဖြင့် တစ်ကြိမ်ဖမ်းဆီးခံခဲ့ရဖူးပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

၎င်းတို့သုံးဦးအပြင် ပဲခူးတိုင်းအတွင်း၌ ပန်းသပိတ်တွင်ပါဝင်မှုဖြင့် အခြားသော ဖမ်းဆီးခံထားရသူများလည်းရှိနေပြီး အရေအတွက်အတိအကျကို မဇ္ဈိမအနေဖြင့်စုံစမ်းနေဆဲ ဖြစ်သည်။

ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေဖြင့် နိုင်ငံနှင့်အဝှမ်း ပန်းသပိတ်ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

ပန်းသပိတ်တွင်ပါဝင်ကာ လူမှုကွန်ရက်တွင် ပုံတင်ထားသူများအား ဖမ်းဆီးရန် စစ်ကောင်စီသတင်းပေး တယ်လီဂရမ်ချန်နယ်များတွင် ပုံများနှင့်တကွတင်ထားသည်များရှိသကဲ့သို့ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစစ်အဆေးတင်းကျပ်ကာ ပန်းပန်ထားသည်များရှိပါက ဖြုတ်ခိုင်းခြင်း ဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်။

စာတည်း ။  ။ Alden
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required