မြိုင်မြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ဖမ်းဆီး

By KMN(မဇ္ဈိမ)
01 October 2023
မြိုင်မြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး အရပ်သားများကို ဖမ်းဆီး
ပုံအညွှန်း - မြိုင်မြို့နယ် ကျောက်ဆောက်ရွာနှင့်ရွာသစ်ရွာ မြေပုံ။(Photo - myg troop news)

မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့ပိုင်းရှိ တောင်ရွာသို့ အင်အား ၈ဝ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ပြီး အရပ်သား ၁ဝ ဦးထက်မနည်း ဖမ်းဆီးသွား ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် တောင်ရွာသို့ စက်တင်ဘာလ ၃ဝ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ဝင်ရောက် ခဲ့ကာ ဒေသခံများအားဖမ်းဆီးရိုက်နှက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက RC Plane လေယာဉ်ငယ်ဖြင့် အီနာဂါ ဗုံးသီး ၁၇ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ဒေသခံများအား တောင်ရွာဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

“ကျွန်တော်တို့သိရတာက တောင်ရွာဘုန်းကြီးကျောင်းထဲမှာ စစ်ကောင်စီတပ်သား ၁၈ ယောက်လောက် ဒဏ်ရာရနေတယ်။ ပြည်သူတွေကိုဖမ်းထားတာတော့ ၁ဝ ဦးကျော်လောက် ရှိတယ်ကြားတယ်” ဟု မြိုင် မြို့နယ်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်လက်ယာက မဇ္ဈိမကိုပြောသည်။

မြိုင်မြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းသည် တောင်ရွာဘုန်းကြီးကျောင်း၌ အထိုင်ချတပ်စွဲ နေသလို  ကျောက်ဆောက်ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ကိုလည်း စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင် ကာ စစ်ကြောင်းထိုးနေကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

ကျောက်ဆောက်နှင့် ရွာသစ်ကျေးရွာသို့ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာလ ၃ဝ ရက်နေ့က ကျေးရွာများအတွင်းမွှေနှောက်ခိုးယူသွားကြောင်း  ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ THU RAIN.TR က ယနေ့  အောက်တိုဘာ ၁ ရက် ညနေပိုင်းက ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required