ရေစကြို ရေလယ်ကျွန်းဒေသတွင် အမျိုးသမီးကြီး ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်

By MTO(မဇ္ဈိမ)
15 October 2023
ရေစကြို ရေလယ်ကျွန်းဒေသတွင် အမျိုးသမီးကြီး ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်
ပုံအညွှန်း ရွာမီးရှို့ ခံနေရသည်ကို အဝေးမှကြည့်နေရသည့် ရေလယ်ကျွန်းဒေသခံပြည်သူများ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်က နွယ်နီကျေးရွာမှ အမျိုးသမီးကြီးနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှသိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့က နွယ်နီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ သည် ကျေးရွာအတွင်း၌ အသက် ၅၁ နှစ်အရွယ်  ဒေါ်သီသီမာနှင့် အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်မြကြင် တို့ကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံတဦးက ပြောသည်။

“ စစ်ကြောင်းနဲ့တိုးတာဖြစ်မယ်၊ နှစ်ယောက်လုံးက စိတ်ဝေဒနာရှင်တွေလို့ သိရတယ်” ဟု ရေလယ်ကျွန်း  ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများခွဲကာ ကျေးရွာ များအတွင်းဝင်ရောက်ပြီး ပစ္စည်းများကိုလုယက်ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများလုပ် ဆောင်နေခြင်းဖြစ်သည်။

“နန်းဦးရွာထဲကစစ်ကြောင်းက တူနီရွာကိုဝင်မီးရှို့ပြီး ဝါးဘိုးတို့ ညောင်ပင်ရွာတို့ကို ပစ်ခတ်ဝင်သွားတယ်။  မြေတော်ကစစ်ကြောင်းကတော့ ရွာထဲကပစ္စည်းတွေခိုးပြီး မော်တော်တွေနဲ့သယ်ပြီး  အရှေ့ဘက်ကမ်းကို ပို့နေတယ် ” ဟု ဒေသခံတဦးက အောက်တိုဘာလ ၁၅ ရက်နေ့ နေလည်ပိုင်းတွင် မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီတပ်သည် ရေလယ်ကျွန်းဒေသကို အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်ကာ အင်အား ၃၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရပြီး စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရ သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly