မြိုင်မြို့နယ် ရွာ ၂ရွာကနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

By KMN (မဇ္ဈိမ)
03 October 2023
မြိုင်မြို့နယ် ရွာ ၂ရွာကနေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
ပုံအညွှန်း - မြိုင်မြို့နယ် ကျောက်ဆောက်ရွာနှင့်ရွာသစ်ရွာ မြေပုံ။(Photo - myg troop news)

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဆောက်ရွာနှင့် ရွာသစ်ကျေးရွာတို့မှ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာလ ၂ ရက် ညပိုင်းတွင် မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် သူရိန်တပ်ခွဲ တာဝန်ခံက ပြောသည်။ 

"ကျောက်ဆောက် ၊ ရွာသစ်ရွာကိုရှို့တာ အိမ်နှစ်လုံးပါသွားတယ်ကြားတယ်။ ဒီမနက်ကျတော့ စစ်ကြောင်းက ဝက်ကျကျေးရွာကို ဆုတ်သွားတယ်လို့ သိရတယ်" ဟု သူရိန်တပ်ခွဲတာဝန်ခံ ကိုသူရိန်က မဇ္ဈိမကို ပြောသည်။ 

မြိုင်မြို့နယ် အရှေ့ပိုင်းရှိ ကျောက်ဆောက် နှင့် ရွာသစ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ် နှစ်လုံးအား ယမန်နေ့ည ၈ နာရီ ကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိုင်မြို့နယ် နွေဦးတော်လှန်ရေးအဖွဲ့ကလည်း ထုတ်ပြန်သည်။

အဆိုပါကျောက်ဆောက်နှင့် ရွာသစ်ကျေးရွာတို့တွင်ဒေသခံ ၂ဝဝဝ ဝန်းကျင်နေထိုင်ကြပြီး စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းများ ဝင်ထွက်နေသောကြောင့် ဒေသခံများ တိမ်းရှောင်နေကြရကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ကျောက်ဆောက်နှင့် ရွာသစ်ကျေးရွာတို့နှင့် မနီးမဝေးတွင်တည်ရှိသည့် တောင်ရွာတဝှိုက်သို့ စက်တင်ဘာလလယ်ခန့်မှစတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

ယင်းစစ်ကြောင်းသည်  တောင်ရွာသို့  စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ကာ ဒေသခံ ၁ဝ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ အမျိုးသားတဦးကို အောက်တိုဘာလ ၁ ရက်နေ့တွင်သတ်ဖြတ်ကာ ကျန်သူများအား အောက်တိုဘာလ ၁ ရက် ညသန်းခေါင်အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သူရိန်တပ်ခွဲထံက သိရသည်။

တောင်ရွာသို့ ဝင်ရောက်ခဲ့သည့် စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များက စက်တင်ဘာလ ၃ဝ ရက်နှင့် အောက်တိုဘာလ ၁ ရက်နေ့များတွင်
RC Plane လေယာဉ်ငယ်ဖြင့် အီနာဂါ ဗုံးသီး ၄ဝ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး  စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ကြပ်အပါအဝင် လေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သူရိန်တပ်ခွဲတာဝန်ခံက ပြောသည်။

ယနေ့ နေ့လယ်ပိုင်းတွင် ယင်းစစ်ကောင်စီတပ်ဖွဲ့သည် မြိုင်မြို့နယ် အရှေ့ပိုင်း ဝက်ကျရွာနှင့် နှောပင်ရွာများတွင် အထိုင်ချတပ်စွဲကာ အနီးအနားရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေကြောင်း ဒေသကာကွယ်ရေးတပ်များထံက သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly