အုတ်ဖိုမြို့နယ်တွင် ပျူစောထီးဆိုသူ ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံး

By ရွှေနွယ်(မဇ္ဈိမ)
06 July 2023
အုတ်ဖိုမြို့နယ်တွင် ပျူစောထီးဆိုသူ ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အောက်ကိုင်းကျေးရွာအုပ်စု၊ ကိုင်း ကလေးရွာမှ ပျူစောထီးဆိုသူ ရာအိမ်မှူး ဦးမြင့်ဦးအား ယနေ့ ဇူလိုင်လ ၆ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့် တွင် သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ်ခဲ့ရာ နေရာ မှာ ပင်သေဆုံးသွားကြောင်း သိရသည်။

“သူ့အိမ်မှာပဲ လေးချက်ပစ်ခဲ့တာပါ။ ပြည်သူတွေက တိုင်တာလည်းများပြီ။ အဓိကတော့ စစ်ကောင်စီတပ်၊ ရဲတွေနဲ့ပေါင်းပြီး ငွေညှစ်နေတာရှိတယ် ဒုက္ခပေးနေတာတွေရှိတယ်။ သူ့မှာသေနတ်ရှိတယ်လို့ သိထား ပေမယ့်။ ပစ်ပြီးတဲ့အချိန်မှာ လုံခြုံရေးအရ သေနတ်ရှာချိန်မရလိုက်ဘူး” ဟု သာယာဝတီ ခရိုင်တပ်ရင်း (၃၈၀၂) ၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ရာအိမ်မှူးဦးမြင့်ဦးသည် အုတ်ဖိုမြို့မရဲစခန်းမှ နယ်ထိန်းဇော်ထွန်းဦးနှင့်ပူးပေါင်း၍ လောင်းကစားဝိုင်း များ၊ နှစ်လုံးသုံးလုံးရောင်းချသူများ၊ အရက်ဆိုင်များ၊ သစ်ခိုးထုတ်သူများထံမှ လိုက်လံဆက်ကြေးကောက် ခံခြင်း၊ စိုက်ဘဏ်ချေးငွေ သမချေးငွေနှင့် မြစိမ်းရောင်ချေးငွေများအား ပြည်သူများကို ဖိအားပေးခြိမ်း ခြောက်တောင်းခံခြင်း၊ စစ်ကောင်စီတပ်အတွက် အင်အားစုဆောင်းပေးခြင်းများ ပြုလုပ်နေသူဖြစ်သည် ဟု ဆိုသည်။

ပစ်ခတ်မှုအပြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စစ်ကောင်စီတပ်သားများမှ လိုက်လံဖမ်းဆီး ခဲ့သော်လည်း တပ်ဖွဲ့ဝင်များမှာ လုံခြုံရာနေရာသို့ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် ယခုသီတင်းပတ်အတွင်း စစ်ကောင်စီထောက်တိုင်များအား ပစ်ခတ်ခြင်းကို ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့ ည ၁၀ နာရီခန့်က လက်ပံတန်းမြို့တွင်  ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းနှင့် ရဲစခန်းအနီးရှိ ဘူတာရုံကြားမှ လောင်းကစားဝိုင်းအား PDF တပ်ရင်း(၃၈၀၂) တပ်ခွဲ (၄) ရွှေတန်းမြေ PDF နှင့် The Sentry မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်ကြီး၊ ရဲတပ်ကြပ် နှင့် ပျူစောထီးဆိုသူ လေးဦးသေဆုံးခဲ့သည်။

အဆိုပါ ဇူလိုင်လ ၁ ရက်နေ့ကပင် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင်လည်း  ကြို့ပင်ဝိုင်းရွာ အုပ်ချုပ်ရေး မှူးနှင့် ရာအိမ်မှူးတို့ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
ဇွန်လ ၃၀ ရက်နေ့ကလည်း မင်းလှမြို့တွင် ငလှစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် ဇရစ်မြှောင် ကျေးရွာစိုက်ပျိုးရေးဘဏ်အတွင်းရေးမှူး ဦးမြင့်ဌေးတို့နှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ် ရှင်းလင်းခဲ့သည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly