မြင်းခြံတွင် ဆို၊က၊ရေး၊တီးပြိုင်ပွဲအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက လုပ်ငန်းရှင်များထံ ငွေကြေးကောက် ခံ

By ဓာတု(မဇ္ဈိမ)
21 September 2023
မြင်းခြံတွင် ဆို၊က၊ရေး၊တီးပြိုင်ပွဲအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက လုပ်ငန်းရှင်များထံ ငွေကြေးကောက် ခံ

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲအတွက်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးက စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးကောက်ခံနေကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ အဆောင်ပိုင်ရှင်၊ ဘာသာစကားသင်တန်းကျောင်း ပိုင်ရှင်များအား ၅၀,၀၀၀ ကျပ်နှင့် လက်လီလက္ကားဆိုင်ပိုင်ရှင်၊ ဆေးလိပ်ခုံပိုင်ရှင်နှင့် ဆန်စက်၊ ဆီစက်ပိုင်ရှင်များကို ကျပ် ၁၀၀,၀၀၀ နှင့်အထက် ငွေကောက်ခံနေကြောင်း ဒေသခံများကပြောသည်။

“အုပ်ချုပ်ရေးမှူးက စာရင်းကောက်ပြီး သူ့ရုံးမှာပိုက်ဆံလာပေးဖို့ ပြောတယ်။ အဲဒီပွဲက နှစ်စဥ်လုပ်နေကျ ပေမယ့် ဒီနှစ်မှ မထည့်မနေရဆိုပြီး ပိုက်ဆံကောက်တာ၊ ငွေညစ်တဲ့သဘောပေါ့။ သူနဲ့ ပျူစောထီးတွေ အဖွဲ့ခွဲပြီး ရပ်ကွက်တိုင်းကို လိုက်ပြောနေတာ” ဟု မြင်းခြံမြို့ခံတဦးက မဇ္စျိမကိုပြောသည်။

အဆိုပါမြို့နယ်အုပ်ချုပ်ရေးမှူးသည် စက်တင်ဘာလဆန်းကလည်း မြင်းခြံမြို့မှ အိမ်ငှားနေသူများ၊ ကျူး ကျော်များနှင့် အဆောင်ငှားနေသူများကို ပျူစောထီးရန်ပုံငွေဟုဆိုကာ တအိမ်လျှင်  ငွေကျပ် ၃,၀၀၀ စီ ကောက်ခံခဲ့ကြောင်း ဒေသခံများကပြောကြားသည်။

မြင်းခြံမြို့ပေါ်တွင် ပျူစောထီးများကြီးစိုးနေပြီး စစ်ကောင်စီတပ်နှင့်ပေါင်းကာ အရပ်သားပြည်သူများ အပေါ်  မကြာခဏ နိုင်ထက်စီးနင်း လုပ်ဆောင်မှုများရှိကြောင်း ဒေသခံများက‌ ပြောသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required