မြောင်တွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၆ဦးဒဏ်ရာရ၊ အဆောက်အဦအချို့ပျက်စီး

By MTO (မဇ္စျိမ)
10 November 2023
မြောင်တွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၆ဦးဒဏ်ရာရ၊ အဆောက်အဦအချို့ပျက်စီး
လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ (Photo/CDSOM)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းလှရွာကို စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၁၀ရက်  ညနေ ၃နာရီ ၂၅မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း မြို့ခံများကပြောသည်။

တိုက်ခိုက်မှုကြောင့် ဒေသခံခြောက်ဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတဦးသည် ဒဏ်ရာပြင်းထန်ကြောင်းမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)ကထုတ်ပြန်သည်။ ထို့အပြင်မင်းလှရွာ မှစာသင်ကျောင်း နှစ်ဆောင်၊ မင်းလှရွာ ဘုန်းကြီးကျောင်း နှစ်ထပ်ဆောင်၊စေတီအချို့နှင့် နေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

"အခုအချိန်က စိုက်ပျိုးရာသီဆိုတော့ ပေါင်းနှုတ်၊ပဲနှုတ်ဆိုတော့ ကိုယ့်ရွာပေါ်မှာ ကြဲနေတာကြီးက မြင်နေရတာလေ။ မြေကြီးထဲ ထိုးစိုက်သွားတာ ဗုံးတွေက။ ရွာအပြင်ကလူတွေကလည်း ငို။ ရွာထဲက လူတွေကလည်းခြေမကိုင်မိ လက်မကိုင်မိဖြစ်တာ"ဟု ဒေသခံတဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများ ကြီးကြီးမားမားပြုလုပ်သွားခဲ့ခြင်းဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)က သတင်းထုတ်ပြန်သည်။ 

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required