NUG ထိန်းချုပ်ထားသည့် ကောလင်းမြို့သို့ ဦးတည်လာသော စစ်ကြောင်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၈၀ကျော်သေဆုံး

By ရွှေနွယ်( မဇ္ဈိမ )
10 November 2023
NUG ထိန်းချုပ်ထားသည့် ကောလင်းမြို့သို့ ဦးတည်လာသော စစ်ကြောင်းကို PDF တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ၈၀ကျော်သေဆုံး

ကောလင်းမြို့ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် အင်အား ၂၀၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၈၀ ဦးကျော် သေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)က သတင်းထုတ်ပြန်သည်။

NUG အစိုးရထိန်းချုပ်ထားသည့် ကောလင်းမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကန့်ဘလူမြို့နယ်၊ အလယ်ခုံကျေးရွာ အနောက်မြောက်ဘက်တွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ၈ နာရီ၄၀ မိနစ်မှစတင်၍ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဟု မြေပြင်မှကာကွယ် ရေးရဲဘော်အချ်ို့ကပြောသည်။

" ကျွန်းလှဘက်က‌​‌နေလာတာ။  အရင်ရက်ကတည်းက သတင်းရတယ်။ ဒါကြောင့် စစ်ရေးအရ အသာစီးယူတိုက်ခိုက်ခဲ့တာ" ဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MOD က ယနေ့ည ထုတ်ပြန်ထားသည်။

" ရန်သူ့ တပ်သား ၈၀ ဦးကျော်ခန့် သေဆုံးခဲ့ပြီး ၂၀ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့သည်"ဟုMOD ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ကထုတ်ပြန်ထားသည်။

လက်နက်မျိုးစုံ (၅၉) လက်နှင့် ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် ထိခိုက်မှုရှိမရှိကို မသိရသေးပေ။

ယနေ့တိုက်ပွဲ၌ အထိအခိုက်များခဲ့သည့် စစ်ကောင်စီစစ်ကြောင်းတွင် ကန်ဘလူနှင့် ကျွန်းလှမြို့နယ်တို့၌ အခြေစိုက်သော  ပျူစောထီးဘုန်းကြီးဦးဝါသဝ၏ လက်အောက်ခံ ပျူစောထီးအများအပြား ပါဝင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။ စစ်ကောင်စီနှင့် ပျုစောထီးများသည် ရုတ်တရက်တိုက်ခိုက်ခံရပြီးနောက် ဦးတည်ရာထွက်ပြေးကြရာ လိုက်လံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

" သိမ်းနိုင်ခဲ့တဲ့သေနတ်တွေက ရဲ‌တွေနဲ့ ပျုတွေ ကိုင်တဲ့သေနတ်‌တွေ။ စစ်တပ်မှာ လူမရှိ‌တော့ ပျုတွေနဲ့ ရဲတွေကို ခေါ်လာတာနေမယ်" ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ကောလင်းမြို့သည် ပင်လည်ဘူး၊ ဝန်းသို၊ ထီးချိုင့်၊ ကန့်ဘလူ၊ ကျွန်းလှမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။  ယခုအခါ စစ်ကောင်စီတပ်က ကျွန်းလှနှင့် ကန့်ဘလူမြို့ဘက်မှ မြေပြင်စစ်ကြောင်းထိုးလာခြင်းဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၅ရက်ညတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိန်းချုပ်ထားသည်ဟု NUG အစိုးရ သတင်းထုတ်ပြန်ထားသည်။ ကောလင်းမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက ကြိုးစားနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

စာတည်း - အေးချမ်း 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly