မြိတ်နှင့် ကျွန်းစုတွင် စစ်ကောင်စီစစ်ကြောင်း တော်လှန်ရေးအင်အားစု တိုက်ခိုက်မှုကြောင့် ၆ ဦးသေဆုံး

By ကိုရွှေမြိတ်(မဇ္ဈိမ)
15 November 2023
မြိတ်နှင့် ကျွန်းစုတွင် စစ်ကောင်စီစစ်ကြောင်း တော်လှန်ရေးအင်အားစု တိုက်ခိုက်မှုကြောင့် ၆ ဦးသေဆုံး
မြိတ်မြို့နယ် တုံးဗျောကျေးရွာတွင် တိုက်ပွဲ သွားရောက် တိုက်ခိုက်ခဲ့သော ရဲဘော်များ တွေ့ရစဉ်။

တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းမှ မြို့နယ်နှစ်ခုတွင် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုမှ တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိသွားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက် ၈ နာရီခွဲအချိန်က မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာအုပ်စု၊ မွေ့ရှောင် ကျေးရွာသို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)နှင့် တိုင်းပကဖ လုံခြုံရေးတပ်ဖွဲ့၊ တိုင်းစစ်ဌာန ဒရုန်းလက်ရုံးတပ်ဖွဲ့ (Dragon Squad)တို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ကလည်း ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာ အနီးသို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်အား မောင်းသူမဲ့လေယာဉ်ဖြင့်တိုက်ခိုက်ခဲ့ရာ ပျူစော ထီး တဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်းစုမြို့နယ်မှာတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က  ကျေးရွာတွေမှာ ဒေသခံတွေကို မဲစနစ် နဲ့ လက်နက်မကိုင်မနေရဆိုပြီး အင်အားလိုက်စုဆောင်းနေတာတွေရှိနေတယ်လို့ သိရတယ်။ ဒါကြောင့် ဒေသခံတွေထွက်ပြေးနေရတာ”ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုစတားကပြောသည်။

လက်ရှိတွင် ကျွန်းစုမြို့နယ်အတွင်းမှ ကျေးရွာလေးရွာသည် ရွာလုံးကျွတ် မြိတ်မြို့ပေါ်သို့ ထွက်ပြေး တိမ်း ရှောင်နေရကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက တနင်္သာရီနဲ့ ကျွန်းစုဖက်က စစ်ရှောင်တွေ အမြန်ရေယာဉ်နဲ့ မြိတ်ကို တက်လာကြ တာရှိတယ်။ အဓိကတော့ အဲဒီဘက်မှာ စစ်တပ်နဲ့ပျူတွေ စစ်ကြောင်းထိုးစခန်းချပြီး လက်နက်ကြီးတွေနဲ့ ပစ်နေလို့ ထွက်ပြေးလာကြတာ”ဟု မြိတ်မြို့မှ အမျိုးသမီးတဦးက ပြောသည်။

တနင်္သာရီမြို့နယ်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ရေးအရှိန်တိုးမြှင့်သွားမည်ဖြစ်၍ ဒေသခံ များအနေဖြင့် စစ်ရေး သတိရှိကြရန် တော်လှန်ရေးအင်အားစုများက ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အသိပေးထုတ်ပြန် ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required