ဒီပဲယင်းတွင် ပြည်သူ ၅ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

By MTO(မဇ္ဈိမ)
28 October 2023
ဒီပဲယင်းတွင် ပြည်သူ ၅ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်

စစ်ကိုင်းတိုင်း၊  ဒီပဲယင်းမြို့နယ်တွင် အောက်တိုဘာလ ၂၁ ရက်နေ့ မှ စတင်ကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၂၇ ရက်နေ့ အထိ ခုနစ်ရက်တာ ကာလအတွင်း ဒေသခံအမျိုးသား   ငါးဦး ကို သတ်ဖြတ်ထားခဲ့ကြောင်း People’s Defense Comrade အဖွဲ့ တာဝန်ခံ ကိုထူးခန့်ဖော်က ပြော သည်။

 “ စစ်ကြောင်းဝင်ခဲ့တဲ့ သိမ်ဘာရွာထဲနဲ့ ရှမ်းတောရွာထဲမှာ ခေါင်းဖြတ်၊ ခြေဖြတ် ၊ ဗိုက်ဖောက် သတ်ထားခဲ့တဲ့ ပြည်သူတဦးရယ်၊   ဆိုင်ကယ်နဲ့အတူ အရှင်လတ်လတ် မီးရှို့သတ်ထားခဲ့တဲ့ပြည်သူတဦးရယ်၊   တောတိုက်ထဲက ပြည်သူအလောင်း သုံးလောင်းရယ် တွေ့ရှိထားတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် စစ်ကောင်စီတပ် ဖမ်းဆီးထားသည့်  ပြည်သူ ၁၀ ဦးထက်မနည်း၏  အခြေအနေနှင့် ပတ်သက်၍  မသိရသေးကြောင်း ကိုထူးခန့်ဇော်က ဆက် ပြောသည်.။

၎င်းက “ သိမ်ဘာရွာအနီး ကလန့်ရွာက ပြည်သူ ကိုးဦးလောက် ဖမ်းဆီးခံရတယ်လို့ သိရတယ် ။ အခြားကျေးရွာတွေက ဖမ်းဆီးခံရတဲ့အမျိုးသားပြည်သူတွေလည်း ရှိထားသေးတယ်” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၂၁ ရက်နေ့ မှ စတင်ကာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပြည်သူပိုင် ပစ္စည်းများကို အဓမ္မ ယူဆောင်ခြင်း၊ ပြည်သူ့ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း နှင့် ပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

ယင်းစစ်ကောင်စီစစ်ကြောင်းကြောင့် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများဖြစ်သည့် တောကျောင်း၊ အင်းတန်း၊  ဝဘာ၊ မှန်သာ၊ ငဝဲတော၊ မဲသယ်၊ ငြိမ်းချမ်းရွာသစ်၊ ယင်းတွေ၊ လပ်တီး ကြည်၊ ဘုရားထွက်၊ သာစည်၊ အုန်းတင်၊ ဆပ်ပြာကျင်း၊ ကျွန်းတော၊ ဘုတ်ထမ်း၊ ခြုံရွာ၊ သိမ္ဘာ၊ ပန်းပု၊ ထောက်ရှာ၊ အင်းကုန်း၊ မင်းတဲကုန်း၊ ရှမ်းတောနှင့်  ကလန့် စသည့် ကျေးရွာပေါင်း ၂၅ ရွာခန့်မှ  စစ်ရှောင်ပြည်သူ ဦးရေပေါင်း ၂၀,၀၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required