စစ်ကြောင်းဝင်ရောက်ခဲ့သော သရက်ချောင်းမြို့နယ်တွင် သတ်ဖြတ်ခံရသော ရုပ်အလောင်းတွေ့

By ကိုရွှေမြိတ်(မဇ္ဈိမ)
26 October 2023
စစ်ကြောင်းဝင်ရောက်ခဲ့သော သရက်ချောင်းမြို့နယ်တွင် သတ်ဖြတ်ခံရသော ရုပ်အလောင်းတွေ့
ဓာတ်ပုံ- စစ်ကောင်စီတပ် မီးရှို့မှုကြောင့် မီးလောင်နေသော ရငဲရွာမြင်ကွင်း (CJ) 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာပြီး ဆယ်ကျော်သက်အရွယ် လူငယ်တဦးကို ဖမ်းဆီးသတ်ဖြတ်ကာ မြေမြှုပ်ခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းနောက် ဆယ်ကျော်သက်အရွယ် မောင်ညီညီကိုဆိုသူ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။

“မနေ့က (အောက်တိုဘာလ ၂၅ ရက်)  မြို့မရဲစခန်း တိုက်ခိုက်ခံရပြီး ရွာဖက်ကို စစ်ကြောင်း ထိုးလာချိန်မှာ အသတ်ခံရတယ်၊ ဒေသခံတွေလည်း အများစု ထွက်ပြေးနေရလို့ လူဦးရေကတော့ အတိအကျ မသိရသေးဘူး” ဟု အမည်မဖော်လိုသော ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သရက်ချောင်းမြို့နယ်ထဲက ရငဲရွာ၊ ကျွဲမင်းကုန်းရွာနှင့် ကျောက်ခမောက်ရွာ စသည့် ကျေးရွာသုံးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံ အများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“အခု စစ်တပ်က တရွာပြီးတရွာ ဝင်/ထွက် လုပ်နေလို့ စစ်ဘေးရှောင် နေအိမ်တွေလည်း မီးရှို့ခံရတာ ရှိတယ်”ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

အဆိုပါ ကျေးရွာများတွင် ယခုနှစ် ဇွန်လဆန်းပိုင်းကလည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့နှင့်အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နှစ်ဘက်တိုက်ပွဲများကြောင့် ကျေးရွာ ရှစ်ရွာက သောင်းနှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly