လားရှိုးလေဆိပ်မှ လေယာဥ်ခရီးစဥ်များ ရပ်ဆိုင်း

By ရောင်နီ(မဇ္စျိမ)
27 October 2023
လားရှိုးလေဆိပ်မှ လေယာဥ်ခရီးစဥ်များ ရပ်ဆိုင်း
ပုံအညွှန်း - လားရှိုးမြို့လေဆိပ်မျက်နှာစာမြင်ကွင်း။ (ပုံ-လူမှုကွန်ရက်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့လေဆိပ်သို့ လေယာဥ် အတက် အဆင်း ခရီးစဥ်များအား ယနေ့အောက်တိုဘာလ ၂၇ ရက်နေ့ တရက် ရပ်ဆိုင်းထားကြောင်း ဒေသခံများက မဇ္စျိမကို ပြောသည်။

“​ မှန်ပါတယ် ပိတ်လိုက်ပါပြီ။ ဒီနေ့ လေကြောင်းခရီးစဥ်တွေ ဖျက်သိမ်းပြီး ပိတ်လိုက်တာပါ။ ဘယ်နှစ်ရက် ပိတ်လဲတော့ မသိပါဘူး။ ” ဟု လားရှိုးဒေသခံတဦး က မဇ္စျိမကို ပြောသည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဘေးတွင် တည်ရှိသည့် လားရှိုးလေဆိပ်တွင် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်ဘက်၏ ရဟတ်ယာဥ်များ ဆင်းသက်မှု ရှိနေကြောင်းလည်း ဒေသခံများက ဆိုသည်။

လူမှုကွန်ရက်စာမျက်နှာတွင်လည်း “ ရှမ်းပြည်နယ်မြောက်ပိုင်းတခွင်လုံး ၊ လားရှိုးမြို့ အပါအဝင် နေရာ အနှံ့အပြားတွင် ယနေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် လားရှိုးလေဆိပ် လေယာဉ်ခရီးစဉ်များအားလုံး ယနေ့ (အောက်တိုဘာ၂၇ ရက်၊၂၀၂၃ ခုနှစ်။) အဆင်း-အတက် ပိတ်ထားကာ  လေကြောင်းခရီးစဉ်များ ဆိုင်းငံ့ထားကြောင်း” ရေးသားဖြန့်ဝေမှုများ ရှိနေသည်။

လားရှိုးမြို့လေဆိပ်ရှိ လေယာဥ်ခရီးစဥ်များ ဆိုင်းငံ့သည့်အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ရန် ပြည်တွင်းလေကြောင်းလိုင်းများနှင့်  မဇ္စျိမက ဆက်သွယ်နေဆဲ ဖြစ်သည်။

လားရှိုးမှ လေယာဥ်ခရီးစဥ်များ ပိတ်ထားသည့် အခြေအနေနင့် ပတ်သက်ပြီး ပြည်တွင်း လေယာဥ်လက်မှတ်အရောင်းဌာနနှစ်ခုထံ မဇ္စျိမက ဆက်သွယ်မေးမြန်းရာ  သက်ဆိုင်ရာ လေကြောင်းလိုင်းများ၏ အကြောင်းကြားမှု မရရှိသေးကြောင်း ဆိုသည်။

“ အေးဂျင့် အနေနဲ့တော့ လေယာဥ်ပိတ်တယ်ဆိုတာကတော့ အင်ဖော်မေးရှင်း မရသေးဘူး။ တချို့ကျတော့ လိုင်းပေါ်မှာ ဒီလိုပဲ ပြောကြတာ။ ကျွန်တော်တို့ကို တရားဝင်ဘာမှတော့မပြောသေးပါဘူး။” ဟု လေယာဥ်လက်မှတ်အရောင်းဌာနတခုကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီအထိုင်ချတပ်စွဲနေသည့် တပ်စခန်းများအား ၁၀၂၇ စစ်ဆင်ရေးအဖြစ် တပြိုင်နက် တိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်သည်။

ထို့အပြင် တရုတ် မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ လားရှိုး- ချင်းရွှေဟော်၊ လားရှိုး- မူဆယ် လမ်းပိုင်းနှစ်ခုကို အရေးပေါ်ပိတ်ထားကြောင်း ယနေ့ နံနက်တွင်  MNDAA ကလည်း ထုတ်ပြန်ထားသည်။

“ မနက်ကလည်း MNDAA က ကြေညာထားတာ ရှိတယ်။  ပြည်ထောင်စုလမ်းမကြီးတလျောက် ပိတ်ထားပြီ ဖြစ်တဲ့အတွက် ဖြတ်လာသမျှကားတွေအကုန်လုံးကို ရန်သူရဲ့ ကားတွေလို့ သတ်မှတ်ပြီး တိုက်ခိုက်ချေမှုန်းမယ်ဆိုတော့ မြို့အဝင်အထွက်တွေလည်း ပိတ်နေပါတယ် ” ဟု လားရှိုးဒေသခံက ဆက်ပြောသည်။

ထို့ကြောင့် လက်ရှိတွင် လားရှိုးမြို့အဝင်အထွက်အားလုံး ပိတ်ဆို့နေပြီး မြို့ပြင်နေရာများတွင် တိုက်ပွဲများဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊​ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် စသည့်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းနေရာများ၌ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထို့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ချင်းရွှေဟော်မြို့ကို ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း မဇ္စျိမက ကနဦး စုံစမ်းသိရှိထားရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required