အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွင်း အီဂျစ်မြို့တမြို့ပေါ် ဒုံးကျည် ကျရောက် 

အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွင်း အီဂျစ်မြို့တမြို့ပေါ် ဒုံးကျည် ကျရောက် 
Photo: AFP

ပါလက်စတိုင်း ဂါဇာဒေသို့ မြေပြင်ကျူးကျော်စစ်များ ဆင်နွှဲလာမည်ကို စိုးရိမ်မှုများ ရှိနေသည့်ကြားတွင် အစ္စရေးက ဂါဇာဆီ စစ်ရေးစီးနင်းခြင်းများသည် “စစ်ဆင်ရေး နောက်တဆင့်” အတွက် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု သောကြာနေ့က ပြောဆိုလာပြီး မီဒီယာသတင်းများတွင်လည်း အီဂျစ်နယ်စပ်မြို့တမြို့ဆီ ဒုံးကျည်တစင်း ကျရောက်ထိမှန်ကြောင်း ဖော်ပြခြင်းများ ရှိသည်။ 

အစ္စရေးနယ်စပ်အနီး အီဂျစ်ပင်လယ်နီ အပန်းဖြေမြို့ တာဘာရှိ ကျန်းမာရေးအဆောက်အအုံတခုကို ဒုံးကျည်တစင်း ထိမှန်၍ လူခြောက်ဦး ထိခိုက်ဒဏ်ရာ ရကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး အီဂျစ် Al Qahera News က ဖော်ပြသည်။ 

အဆိုပါ ဒုံးကျည် ကျရောက်ပေါက်ကွဲမှုသည် အစ္စရေးနှင့် ဂါဇာရှိ ဟားမတ်စ်တို့ကြားက တိုက်ပွဲများနှင့် ဆက်စပ်နေသည်ဟု Al Qahera သတင်းက ဆိုသည်။ အဆိုပါ ဧရိယာ၌ လုံခြုံရေး မတော်တဆဖြစ်မှု ဖြစ်ပွားကြောင်းကို သိရှိကြောင်း အစ္စရေး စစ်တပ်က ပြောသည်။ 

တာဘာမြို့ နယ်စပ်နားရှိ အစ္စရေးမြို့ အီလက်သို့ ဟားမတ်စ်တို့၏ ဒုံးကျည်တစင်း ကျရောက်ထိမှန်ကြောင်း ယခုသီတင်းပတ်၌ အစ္စရေးက ပြောထားဖူးသည်။ 

ဂါဇာမှ ကီလိုမီတာ ၂၂၀ ခန့်တွင် ရှိသည့် တာဘာမြို့ ဒေသခံတဦးက ပေါက်ကွဲသံကြီး ကြားရပြီး မီးခိုးများနှင့် ဖုန်မှုန့်များ လွင့်တက်လာသည်ကို မြင်ရကြောင်း ပြောသည်။ 

ယခု သတင်းနှင့် ပတ်သက်ကာ ရိုက်တာအနေဖြင့် လက်ငင်း အတည်ပြုနိုင်သေးခြင်း မရှိပေ။ 

အစ္စရေး၏ ဗုံးကြဲမှုများနှင့်  ဟားမတ်စ်တို့၏ ဒုံးကျည် တိုက်ခိုက်မှုများ ရပ်တန့်ရန် ဥရောပသမဂ္ဂ အီးယူက တိုက်တွန်းထားပြီး ယင်းမှသာ ဂါဇာသို့ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးပို့နိုင်မည်ဟု ဆိုသည်။ အရှေ့အလယ်ပိုင်းရှိ အမေရိကန် အမှုထမ်းများကို ပစ်မှတ်မထားရန် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အီရန်ဘာသာရေးခေါင်းဆောင်ကို ပြောဆိုထားသည်။ 

အမေရိကန်တပ်ဖွဲ့ဝင်များမှာ အီရတ်နှင့် ဆီးရီးယားကထက် အဆ တဒါဇင်မက ပစ်မှတ်ထားခံရပြီး ယင်းသည် အီရန်ကျောထောက်နောက်ခံသော အုပ်စုများ၏ လက်ချက်အဖြစ် အမေရိကန်က သံသယရှိထားသည်။ ဟားမတ်စ်၊ အစ္စလာမ္မစ် ဂျီဟတ်နှင့် လက်ဘနွန်ရှိ ဟဇ်ဘိုလာတို့သည် အီရန်ကျောထောက်နောက်ခံသော အုပ်စုများ ဖြစ်ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required