အကျဉ်းထောင်တွေကို ကြည့်ရှုခွင့်ရဖို့ ICRC ကြိုးပမ်းနေဆဲ

By မဇ္ဈိမ 
27 October 2023
အကျဉ်းထောင်တွေကို ကြည့်ရှုခွင့်ရဖို့ ICRC ကြိုးပမ်းနေဆဲ

သုံးနှစ်ကြာပိတ်ထားတဲ့ လူတွေ့ထောင်ဝင်စာကို စစ်ကောင်စီဘက်က ပြန်ခွင့်ပြုလိုက်တာနဲ့ အကျဉ်းထောင်တွေမှာ မိသားစုထောင်ဝင်စာတွေ့ဆုံခြင်းကိစ္စရပ်နဲ့ ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုသတင်းကို ကြားသိခဲ့ရတာကြောင့် ဒီတိုးတက်မှုက အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရသူတွေနဲ့ ၎င်းတို့ချစ်ခင်ရသူမိသားစုဝင်များအကြား အဆက်အသွယ်ပြန်လည်ရရှိရေးအတွက် အရေးပါအရာရောက်တဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ICRC က ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

အကျဉ်းသားတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေကို ဆက်လက်ထောက်ပံ့ကူညီသွားဖို့လည်း စိတ်ပိုင်းဖြတ်ထားတယ်လို့ဆိုပါတယ်။ထိန်းသိမ်းခံထားရသူတွေအတွက် လူတွေ့ထောင်ဝင်စာကို အောက်တိုဘာ ၂၄ ရက်ကစလို့ ပြန်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

အကျဉ်းထောင်တွေကို လည်ပတ်ကြည့်ရှုခွင့်ရဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်လက်ဆွေးနွေးနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
ICRC ဟာ အကျဉ်းကျနေသူတွေကို သူတို့ရဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ခွင့် ရဖို့အတွက် ၂၀၂၃ ခုနှစ်၊ မတ်လထဲမှာ စစ်ကောင်စီနဲ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် မြန်မာနိုင်ငံရှိ ထောင်များသို့ သွားရောက်ကာ လေ့လာ သုံးသပ်တဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်လုပ်ခွင့်ပေးဖို့နဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်များ ထောင်ဝင်စာ သွား ရောက် တွေ့ဆုံခွင့် အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ICRC အဖွဲ့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များကတည်းက မြန်မာပြည်တွင်းရှိ အကျဉ်းထောင်များသို့ သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသားများအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသားတွေနဲ့ တွေ့ဆုံမေးမြန်းကာ လိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီများ ပေးတာတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

အထက်ပါ လုပ်ဆောင်မှုများကို ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်ရောဂါများ စတင် ပျံ့နှံ့စဉ်ကတည်းက ထောင်အာဏာပိုင်များမှ သွားရောက်ခွင့်ကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိလည်း ပြန်လည် လုပ်ဆောင်ခွင့် မရှိသေးတာဖြစ်ပါတယ်။
ICRC ဟာ လက်ရှိမှာ အကျဉ်းသားမိသားစုတွေနဲ့ ပြန်ဆက်သွယ်တာ၊ အကြံဉာဏ်တွေ ပေးတာ၊ လွတ်မြောက်ပြီး အကျဉ်းသားတွေ အိမ်ပြန်နိုင်ရေးကိစ္စတွေကို ဆက်လက် ကူညီနေပါတယ်လို့လည်း ပြောပါတယ်။

ကာလရှည်ကြာပိတ်ပင်ထားတဲ့ ထောင်ဝင်စာလူတွေ့ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ အန်အယ်လ်ဒီအစိုးရ ဝန်ကြီးတွေနဲ့  သေဒဏ်ချမှတ်ခံထားရသူတွေကို စစ်ကောင်စီက ထောင်ဝင်စာ တွေ့ခွင့်မပေးဘူးလို့ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းကနေသိရပါတယ်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required