ကမ္ဘာတစ်ဝန်း ဒုက္ခသည် ၁၁၄ သန်းကျော်ရှိကြောင်း ကုလ ထုတ်ပြန်

By မဇ္ဈိမ 
27 October 2023
ကမ္ဘာတစ်ဝန်း ဒုက္ခသည် ၁၁၄ သန်းကျော်ရှိကြောင်း ကုလ ထုတ်ပြန်

ကမ္ဘာပေါ်မှာ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ရသူအရေအတွက်ဟာ စက်တင်ဘာလကုန်မှာ ၁၁၄ သန်းကျော်သွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ UNHCR က ပြောကြားလိုက်ပါတယ်။ 

၂၀၂၃ ပထမနှစ်ဝက်မှာ ယူကရိန်း၊ ဆူဒန်၊ မြန်မာနဲ့ ကွန်ဂိုနိုင်ငံတွေက ပဋိပက္ခတွေ၊ အာဖဂန်နစ္စတန်က ကြာညောင်းနေပြီဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာပြဿနာနဲ့ မိုးခေါင်၊ ရေကြီးပြီး လုံခြုံမှုမရှိတဲ့ ဆိုမာလီယာ နိုင်ငံတွေကဖြစ်ရပ်တွေက အိုးအိမ်စွန့်ခွာရတဲ့ အဓိကအကြောင်းအချက်တွေဖြစ်တယ်လို့ UNHCR က အောက်တိုဘာ ၂၅ ရက်နေ့ နေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ခုတော့ ကမ္ဘာဟာ ဂါဇာက လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကို အာရုံစိုက်နေကြတယ်လို့ UNHCR အကြီးအကဲ Filippo Grandi က ပြောပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ ပထမ ၆ လအတွင်းမှာ မိုးခေါင်ရေရှားတာ၊ ရေကြီးတာတွေကြောင့်လဲ လူအမြောက်အများ နေရပ်စွန့်ခဲ့ကြရတယ်လို့ UNHCR ရဲ့ ၆ လ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

မနှစ်က နှစ်ကုန်ပိုင်းမှာ နေရပ်ရွှေ့ပြောင်းရသူ ၁၀၈ သန်းခွဲနီးပါးရှိခဲ့ပြီး ဒီနှစ် ဇွန်လကုန်မှာ သန်း ၁၁၀ ရှိတယ်လို့ UNHCR နှစ်ဝက်အစီရင်ခံစာမှာ ပါရှိပါတယ်။

စစ်မက်ဖြစ်ပွားမှု၊ ဖိနှိပ်ခံရမှု၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု စတာတွေကြောင့် စက်တင်ဘာလကုန်ပိုင်းမှာ တစ်ကမ္ဘာလုံးက လူ ၁၁၄ သန်းကျော် နေရပ်က ရွှေ့ပြောင်းရဖွယ်ရှိတယ်လို့ UNHCR က ပြောပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေ ပျံ့နှံ့ဖြစ်ပွားနေတာမှာ ၂၀၂၃ ခုနှစ် နှစ်စကနေ ဇွန်လအထိ အိုးအိမ်ပြစ် ထွက်ပြေးကြရသူ ၄ သိန်း ၄ သောင်း ၃ ထောင်ထက်မနည်းရှိခဲ့ပြီး လူသားချင်းစာနာစရာ အခြေအနေ ပိုပြီး ဆိုးဆိုးရွားရွားဖြစ်လာတယ်လို့ UNHCR ကပြောပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံထဲမှာ ပြည်တွင်းဒုက္ခသည် ၁.၈ သန်းအထိ ရှိနေပြီး၊ ဒုက္ခသည်အဖြစ်လျှောက်ထားကြသူ ၁.၃ သန်းဟာလည်း အိမ်နီးချင်းနိုင်ငံတွေမှာ နေစရာအတည်တကျမရှိ ဖြစ်နေကြတယ်လို့ ပြောပါတယ်။ 
အထူးသဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှာရောက်နေကြတဲ့ ဒုက္ခသည်တွေ အဆိုးဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ UNHCR ရဲ့ ၆ လစာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာကြရသူတွေ အပါအဝင် ပြည်တွင်းဒုက္ခသည်တွေအတွက် စာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

ပဋိပက္ခတွေနဲ့ မိုးသည်းထန်ရေကြီးမှုတွေကြောင့် နေရပ်စွန့်ခွာရမှုတွေ၊ အရပ်သားသေကြေထိခိုက်မှုတွေ၊ အိုးအိမ်ပျက်စီးမှုတွေ ကြုံနေရပြီး စာနာမှုအကူအညီ လိုအပ်ချက်တွေ ပိုမိုကြီးထွားလာနေတယ်လို့လည်း ကုသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးရုံး (UNOHA) ရဲ့ အောက်တိုဘာလ လဆန်းပိုင်းက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required