မြန်မာစစ်တပ်ထံ ဆက်သွယ်ရေးပစ္စည်း ရောင်းချတဲ့ ဂျာမန်ကုမ္ပဏီ စုံစမ်းစစ်ဆေးခံရ 

By မဇ္ဈိမ 
27 October 2023
မြန်မာစစ်တပ်ထံ ဆက်သွယ်ရေးပစ္စည်း ရောင်းချတဲ့ ဂျာမန်ကုမ္ပဏီ စုံစမ်းစစ်ဆေးခံရ 

မြန်မာစစ်တပ်ကို ဆယ်သွယ်ရေးပစ္စည်းတွေ ရောင်းချပေးခဲ့တဲ့ ဂျာမနီ ဂြိုလ်တု ဆက်သွယ်ရေးကုမ္ပဏီ ND SatCom GmbH ကို ဂျာမနီအစိုးရရှေ့နေရုံးက ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးနေကြောင်းသိရပါတယ်။

စုံစမ်းစစ်ဆေးမှုကို Justice For Myanmar က ပေးအပ်ခဲ့တဲ့ သုတေသနနဲ့ အထောက်အထားတွေကို အခြေခံပြီး German Solidarity with Myanmar Democracy e. V အဖွဲ့နဲ့ တရားလွှတ်တော်ရှေ့နေ Holger Rothbauer (ဟော်ဂါရော့ပ်ဘာရာ)တို့ရဲ့ တိုင်ကြားမှုကြောင့် စတင်ခဲ့တာလို့ Justice For Myanmar အဖွဲ့က အောက်တိုဘာ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ် ဖိနှိပ်ရေးယန္တရားအတွက် အသုံးပြုနိုင်မယ့် စစ်သုံး ဆက်သွယ်ရေးပစ္စည်းတွေကို ဂျာမနီနိုင်ငံက ကုမ္ပဏီတခုဆီကမှာယူရာမှာ ဗီယက်နမ် ကုမ္ပဏီတခုက ကြားခံ ဆောင်ရွက်ပေးခဲ့တဲ့အကြောင်း Justice for Myanmar အဖွဲ့ကပြောပါတယ်။
ဒီလို မှာယူနိုင်ဖို့ ဗီယက်နမ်နိုင်ငံ ဟန်နွိုင်အခြေစိုက် OSB ခေါ် နည်းပညာနဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကတဆင့်ခံ လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပြီး စစ်ကောင်စီအတွက် ပေးပို့ခဲ့တဲ့ ဆက်သွယ်ရေး ပစ္စည်းတွေထဲမှာ 5 G ဆက်သွယ်ရေး စစ်သုံး ပစ္စည်းတွေ၊ Software တွေပါဝင်ပါတယ်။ 
 
၂၀၁၆ ခုနှစ်ကစတင်ပြီး ND SatCom ဟာ စစ်ကောင်စီရဲ့ မိတ္ထီလာ ဌာနချုပ်စခန်း၊ အချက်ပြထုတ်လွှင့်ရေးဌာန၊ လက်ကိုင် ရေဒီယိုဖုန်းစနစ်တွေအတွက် အသုံးပြုတဲ့ 5G ဂြိုတ်တုဆက်သွယ်ရေး စက်ပစ္စည်းနဲ့ နည်းပညာ အပါအဝင် စစ်ကောင်စီရဲ့ ဂြိုလ်တု ဆက်သွယ်ရေးစနစ်အတွက် အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာလည်း ND SatCom ဟာ ဗီယက်နမ်နိုင်ငံကတစ်ဆင့် စစ်ကောင်စီထံ စက်ပစ္စည်းတွေ ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီစက်ပစ္စည်းတွေကို မြန်မာပုဂ္ဂလိကကုမ္ပဏီ Terabit Wave Company Limited နဲ့ ဗီယက်နမ်ကုမ္ပဏီ OSB Investment and Technology JSC တို့က စစ်ကောင်စီအတွက် ကြားခံပွဲစားလုပ်ပြီး ပူးပေါင်းဝယ်ယူပေးခဲ့တာလို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီကုမ္ပဏီနှစ်ခုဟာ မြန်မာနိုင်ငံမှာလည်း Com & Com Company Limited ကုမ္ပဏီကို ဖက်စပ်လုပ်ကိုင်နေပြီး ND SatCom စက်ပစ္စည်းတွေ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အပါအဝင် စစ်ဘက်၊ အရပ်ဘက် ဂြိုလ်တုဝန်ဆောင်မှုတွေ ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။

ဗီယက်နမ် OSB နည်းပညာ ကုမ္ပဏီဟာ မြန်မာနိုင်ငံက Terabit Wave Co. Ltd တယ်လီဆက်သွယ်ရေး ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံဟာ မြန်မာစစ်တပ်ကို အဓိက လက်နက်နဲ့ စစ်သုံးပစ္စည်းရအောင် ပံ့ပိုးပေးနေတဲ့ နိုင်ငံတခု ဖြစ်တဲ့အကြောင်း Justic for Myanmar အဖွဲ့က ပြောပါတယ်။

မြန်မာစစ်တပ် ကျုးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ဆင်ရေးတွေမှာ ဂျာမနီနိုင်ငံထုတ် ND SatCom ကုမ္ပဏီထုတ် ဆက်သွယ်ရေး ပစ္စည်းတွေကို အဓိက အသုံးပြုခဲ့တဲ့အကြောင်းလည်း Justice for Myanmar အဖွဲ့က ပြောဆိုထားပါတယ်။

ဂျာမနီအစိုးရက ND SatCom ကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှု စတင်နေတာကို ကြိုဆိုပြီး အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က တိုက်တွန်းတောင်းဆိုကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required