ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၄ ဦးသေဆုံးသည်ကိုတွေ့ရကြောင်း ပကဖပြော

By ရွှေနွယ်(မဇ္ဈိမ)
08 November 2023
ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၄ ဦးသေဆုံးသည်ကိုတွေ့ရကြောင်း ပကဖပြော
ပုံအညွှန်း − ကောလင်းမြို့ပေါ်တွင်မြင်တွေ့ရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဓာတ်ပုံ - Kawlin Info

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ထားပြီးဖြစ်သည့် စစ်ကိုင်းတိုင်း ကောလင်းမြို့ တွင် နိုဝင်ဘာ ၇ ရက်နေ့က ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် တိုက်ပွဲအတွင်း အရပ်သားလေးဦးသေဆုံးမှုကို အတည်ပြုထားနိုင် ကြောင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

မြို့အတွင်းပိတ်မိလျက်ရှိသည့် ပြည်သူအားလုံးကို နိုဝင်ဘာလ ၆ ရက်နေ့ကတည်းက အားလုံးကယ်ထုတ် ထားနိုင်ပြီဖြစ်ကြောင်းနှင့် အရပ်သားထိခိုက်မှု အသေးစိတ်အရေအတွက် အတည်ပြုနိုင်ရန် နယ်မြေရှင်း လင်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ဆဲဖြစ်သည်ဟု ပြောသည်။

“ပြည်သူလေးဦးတော့ ကျတာသိရပြီ။ အခုထပ်ပြီး ရှင်းလင်းရေး လုပ်နေတာပါ။ စစ်ကောင်စီ လေကြောင်း ကြောင့် ထိတာတွေပါ။ အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ (ပြည်သူထိခိုက်ကျဆုံးမှု အရေ အတွက် အသေးစိတ်သိရှိရန်) ရက်အများကြီးမကြာနိုင်ပါဘူးဗျ” ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တာဝန်ရှိသူမှ မဇ္ဈိမကိုပြောသည်။

သေဆုံးသွားသူများ၏ အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန် ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့က ကောလင်းမြို့၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်စစ်ကြောင်း ထိုးတိုက်ခိုက်မှု လုံးဝမရှိခဲ့ကြောင်းလည်း သိရသည်။

ကောလင်းမြို့နယ်သည် ယခင်ကပင် မြို့ပေါ်မှလွဲ၍ ကျေးရွာများ၌ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏အုပ်ချုပ်ရေးယန္တရားလည်ပတ်ထားနိုင်ခဲ့ပြီး လက်ရှိတွင် သိမ်းပိုက်ပြီးဖြစ်သည့် မြို့ပေါ်၌လည်း အုပ်ချုပ် ရေးယန္တရားလည်ပတ်၍ အကောင်းဆုံးဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူမှ ပြောသည်။

လတ်တလောတွင် ကောလင်းမြို့၌ ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေသည့်အတွက် အဝေးရောက် ကောလင်းသူ/သားများ စိုးရိမ်ပူပန်နေကြသည်နှင့်ပတ်သက်၍ “အများကြီးမစိုးရိမ်ကြပါနဲ့။ မြေပြင်မှာ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးနေကြပါတယ်။ ကောလင်းက ကောလင်းကိုပြန်ပြီး ကူညီနေတာ အဝေးရောက်ကောလင်းသားတွေ မြင်တွေ့ခွင့်ရရင် စိုးရိမ်စိတ်ထက် ဂုဏ်ယူစရာတစ်ခုပါ” ဟု ကောလင်း ပကဖ တာဝန်ရှိသူမှ သတင်းစကားပါးသည်။

ကောလင်းမြို့တွင် စစ်ရှောင် ၂၀,၀၀၀ ခန့်ရှိနေပြီး ၎င်းတို့အား ကျေးရွာပြည်သူများနှင့် အမျိုးသားညီညွတ် ရေးအစိုးရ(NUG)လက်အောက်ရှိအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရ သည်။

စစ်ကောင်စီတပ်မှ တန်ပြန်ထိုးစစ်များရှိလာခဲ့လျှင်လည်း အဆိုပါအခြေအနေများအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်ဟု ကောလင်းပကဖတာဝန်ရှိသူကဆိုသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့်ကောလင်းမြို့ကို နိုဝင်ဘာလ ၃ ရက်နေ့မှစတင်ကာ အမှတ်(၁)စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ ကာကွယ် ရေးအဖွဲ့(ပကဖ)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြပြီး သုံးရက်အကြာ နိုဝင်ဘာ ၆ ရက် နေ့တွင် အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ကောလင်းမြို့သည် NUG မှ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့သည့် ခရိုင်မြို့တခုလည်း ဖြစ်သည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required