ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်​ ​ထောင်ဒဏ်  ၅ နှစ် ချမှတ်ခံရ

By 001 (မဇ္စျိမ)
10 November 2023
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်​ ​ထောင်ဒဏ်  ၅ နှစ် ချမှတ်ခံရ

တံစိုးလက်​ဆောင်များလက်ခံရယူခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်တရားရုံးဖြင့် စီရင်ပြီး ​ထောင်ဒဏ် ငါးနှစ် ချမှတ်လိုက်​ကြောင်း စစ်​ကောင်စီဝါဒဖြန့် မြဝတီရုပ်သံက ယ​နေ့ နိုဝင်ဘာ ၁၀ ရက်​နေ့ ညပိုင်းတွင်​ကြေညာသည်။

ဒုတိယဗိုလ်ချုပ်ကြီး​ဟောင်း စိုးထွဋ်အ​နေဖြင့် ပြည်ထဲ​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူခဲ့စဥ်ကရာထူးနှင့်လုပ်ပိုင်ခွင့်ကို မ​လျော်သြဇာ အသုံးပြုပြီး ​​ဆောင်ရွက်ခဲ့​ခြင်း၊ တံစိုးလက်​ဆောင် လက်ခံရယူခဲ့ခြင်းတို့ ပြုလုပ်ခဲ့​ကြောင်း စစ်​ကောင်စီ၏ ထုတ်ပြန်ချက်တွင် ​ဖော်ပြသည်။

၎င်းသည် ပြည်ထဲ​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူခဲ့စဥ်က  Green Channel စနစ်ဖြင့် နိုင်ငံကူးလက်မှတ်ဝန်​ဆောင်မှု လုပ်ငန်းလုပ်ကိုင်ရန်အတွက် ကုမ္ပဏီများ၏ အကူအညီ​တောင်းခံခဲ့မှုအ​ပေါ် ရာထူးနှင့်လုပ်ပိုင်ခွင့်ကို မ​လျော်သြဇာ အသုံးပြုပြီးနိုင်ငံကူးလက်မှတ်များခွင့်ပြု​ပေးရန်ညွှန်ကြားခဲ့​ကြောင်း ဆိုထားသည်။

ထို့ပြင် ပြည်ထဲ​ရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာ​ချောင်ချိ​ရေးရန်ပုံ​ငွေဆိုင်ရာ ဘဏ္ဍာ​ရေး လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသည့်​ဆောင်ရွက်မှုများအ​ပေါ်ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့​ကြောင်းလည်း ​ဖော်ပြထားသည်။

အဆိုပါ အမှုတွင်ပါဝင်ပတ်သက်ခဲ့သူများကိုလည်း နယ်ဘက်တရားရုံးတွင်လည်း​ကောင်း၊ စစ်​ကောင်စီလက်​အောက်ခံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ရဲစည်းကမ်းဖြင့်လည်း​ကောင်း ဆက်လက်အ​ရေးယူ​ဆောင်ရွက်လျက်ရှိ​ကြောင်းလည်း ထုတ်ပြန်ထားသည်။

သို့​သော် ဆက်လက်အ​ရေးယူ​ဆောင်ရွက်မည့် ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် ပါဝင်ပတ်သက်ခဲ့သူများ၏ နာမည်ကို ထုတ်ပြန်ခြင်းမရှိ​ပေ။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယခင်က စစ်​ကောင်စီအဖွဲ့ဝင်တဦးဖြစ်သည့်အပြင် ပြည်​ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၁ ပြည်​ထောင်စုဝန်ကြီးအဖြစ်လည်း တာဝန်ထမ်း​ဆောင်ခဲ့သူဖြစ်သည်။

ထို့​နောက် စက်တင်ဘာလအတွင်းတွင် အဆိုပါ​ရာထူးနေရာများမှ ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်။

ပြီးခဲ့သည့်​အောက်တိုဘာလ ၁၀ ရက်​နေ့ကလည်း ဒုတိယဗိုလ်ချုပ်ကြီး​ဟောင်း မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်​ဟောင်း ရန်နောင်စိုးတို့ကို လာဘ်စားမှုများ​ကြောင့် စစ်တရားရုံးဖြင့် စစ်ဆေးပြီး  နှစ်ဆယ်နှစ် ကာလနှင့် ညီမျှသော တသက်တကျွန်းဒဏ်ကို အသီးသီးချမှတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required