မန္တလေးနတ်ဆိုး မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဖမ်းဆီးခံရ

By 007 (မဇ္စျိမ)
13 July 2023
မန္တလေးနတ်ဆိုး မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဖမ်းဆီးခံရ
ဓာတ်ပုံ- ပုံဟောင်း

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တခုဖြစ်သော နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ခေါင်း ဆောင် ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း မန္တလေးတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“စစ်ဆင်ရေးမှာရရှိဒဏ်ရာကြောင့် ဆေးခန်းမှာဆေးသွားကုရင်း အဖမ်းခံရတယ်။ ဆေးကုပေးတဲ့ ဆရာမ နဲ့အတူ အဖမ်းခံရတာပါ” ဟု တော်လှန်ရေးအင်အားစု၀င်တဦးက ပြောသည်။

၎င်းအဖမ်းခံရမှုနှင့်ပတ်သက်၍ စစ်အုပ်စုဝါဒဖြန့်သတင်းများတွင်လည်း အတည်ပြုထားသည်ကို တွေ့ရသည်။

နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ကိုငြိမ်းချမ်းအောင်(ခ)အားသစ် ကို ဇူလိုင်လ ၈ ရက် နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက်မှ ဆေးခန်းတခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း မန္တလေးရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းကလည်း အတည်ပြုသည်။

မန္တလေးမြို့တွင်အခြေစိုက်ပြီး စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားကိုပစ်မှတ်ထားတိုက်ခိုက်သည့် နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ကို အဖွဲ့ခေါင်းဆောင် ကိုငြိမ်းချမ်းအောင်(ခ) အားသစ် (ဗိုလ် နတ်ဆိုး) ဆိုသူက ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။

တပ်ဖွဲ့ထူထောင်ခဲ့ပြီးနောက် ပုသိမ်ကြီးမြို့နယ်အတွင်း ရေထွက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ၊ လျှပ် စစ်ရုံးမန်နေဂျာ ဦးကျော်ရင်အောင်၊ ကံသာကျေးရွာ ရာအိမ်မှူးဦးသန်းဆွေတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး၊ မြကန်သာစျေးအနီးစျေး၀ယ်နေသော စစ်ကောင်စီတပ်ဖွဲ့၀င်များကိုလည်း လက်နက်ငယ်များ ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြို့နယ်လျှပ်စစ်ရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတို့ကိုလည်း လက်လုပ်မိုင်းဖြင့် တိုက်ခိုက် ခဲ့သေးသည်။
လက်ရှိတွင် အဖွဲ့ခေါင်ဆောင်အား နန်းတွင်းစစ်ကြောရေး၌ဖမ်းဆီးထားပြီး ဖမ်းဆီးရန်ကျန်သူများအား ကွင်းဆက်လိုက် စုံစမ်းနေကြောင်း စစ်အုပ်စုသတင်းများအရ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly