အညာလမ်းမများပေါ် ဓားပြတွေ သောင်းကြမ်းနေသည်

By ပြည်စုံငြိမ်းချမ်း
25 September 2023
အညာလမ်းမများပေါ် ဓားပြတွေ သောင်းကြမ်းနေသည်
နေပြည်တော်ကျောက်မျက်ခမ်းမရှေ့ရှိစစ်ဆေးရေးဂိတ် (ဓာတ်ပုံ − myanmarpacemonitor.org )

ကလေးမြို့တွင် လုံခြုံရေးအကြောင်းပြကာ လမ်ပေါ်တွင်စစ်ဆေးရေးဂိတ်ဖွင့်ပြီး ခရီးသွားများထံ ငွေညှစ်နေသည့် စစ်ကောင်စီတပ်သားများ၏ ဝိုင်းဝန်းရိုက်နက်မှုကြောင့် ချင်းတိုင်းရင်းသူ အမျိုးသမီး တဦး ယခုလ ၅ ရက်နေ့က သေဆုံးသွားခဲ့သည်။ စစ်သားများက အမျိုးသမီး၏ ဆိုင်ကယ်၊ လက်ကိုင်ဖုန်း နှင့် ပိုက်ဆံအိတ်တို့ကို လုယူကာ လူကို ဖမ်းဆီး၊ ရိုက်နှက်စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သော်လည်း အိမ်ရောက်ပြီးနောက် တပတ်အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။

"သူ(သေဆုံးသူ)က သူငယ်ချင်းနဲ့ ရွာကနေကလေးမြို့ကို နှစ်ယောက်သွားကြတာ။ ဘာအကြောင်းမှ မယ်မယ်ရရမရှိဘဲ ပါးတွေနားတွေ အသားကုန်ရိုက်တယ်။ နားထဲက သွေးတွေထွက်တယ်။ အိမ်ရောက် ပြီးနောက်ရက် မနက်စာ စားနေရင်း သတိမေ့သွားတော့ ဆေးရုံတင်ဖို့လုပ်ပေမယ့် မရတော့ဘူး" ဟု ကလေးမြို့ သပိတ်ကော်မတီဝင်တဦးက ပြောသည်။

ခုခံတော်လှန်စစ်အားကောင်းသည့် အညာဒေသတွင် စစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်နိုင်သည့် လမ်း များ၌ ဂိတ်များအခိုင်အမာတည်ဆောက်ပြီး လုံခြုံရေးအကြောင်းပြချက်ဖြင့် ခရီးသွားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပုံစံမျိုးစုံဖြင့် ထင်တိုင်းကြဲ ကျူးလွန်နေသည်။ သို့သော် အဆိုပါ သတင်းများသည် ဆိုရှယ်မီဒီယာပေါ်တွင်လည်းကောင်း၊ သတင်းဌာနများတွင်လည်းကောင်း အတွေ့ရ နည်းလာပြီး အများစုမှာ မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်ကများနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်လပိုင်းကလည်း ခရီးသည်တင်လိုင်းကားငယ်တစီးပေါ်တွင် လိုက်ပါလာသည့် အသက် ၅၀ ဝန်းကျင် အမျိုးသားတဦး ရွှေဘိုအဝင်ဂိတ်အရောက် ကားပေါ်မှ လမ်းဆင်းမလျှောက်သည့် အကြောင်း ပြချက်ဖြင့် ကားပေါ်မှာပင် သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်။ ကျန်းမာရေးမကောင်းသည့် ယင်း အမျိုးသားမှာ လမ်းကောင်းကောင်းမလျှောက်နိုင်သည့်အတွက် ကားဆရာကိုယ်တိုင် ကားပေါ်မှာပင် ထိုင်နေဖို့ ပြောထားခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီလက်ပါးစေတပ်သားက အခြေအနေကို မမေး မမြန်းဘဲ ပြည်သူ့အသက်တချောင်းခြွေဖို့ သေနတ်ခလုတ်ကို လွယ်လွယ်လေး ဖြုတ်ချခဲ့သည်။

“ခရီးသည်အားလုံး လမ်းဆင်းလျှောက်နေတဲ့အချိန် လမ်းဆင်းမလျှောက်လို့ဆိုပြီး ကားကလည်း ဖြည်း ဖြည်းချင်းလေး ရွေ့နေတဲ့ချိန်မှာ ပစ်ချလိုက်တာ။ ခေါင်းကိုထိပြီး သူ့ထိုင်ခုံနေရာမှာတင် ချက်ချင်းသေ သွားတာ။ ကားဒရိုင်ဘာတောင် မှန်ကွဲတွေစင်ပြီး ဒဏ်ရာနည်းနည်း ရသေးတယ်  ” ဟု ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့နယ်ပအဖအချင်းချင်းပေးပို့သည့် သတင်းအချက်အလက်အားကိုးကား၍ ဝက်လက် မြို့နယ်မှ ကျေးရွာပအဖအဖွဲ့ဝင်တဦးက ပြန်ပြောပြသည်။

အညာတွင် မဖြစ်မနေခရီးသွားရသူများနှင့် ကာားသမားများသည် စစ်ကောင်စီဂိတ်များကို ဖြတ်ရတိုင်း အကြောက်တရားနှင့် ရင်ဆိုင်နေရသည်။ စစ်ကောင်စီတပ်သားများသည် ခရီးသွားများကို ကိုယ်ရေး အချက်အလက်စစ်ဆေးသည့်အခါ လိုသည်ထက်ပိုစစ်ဆေးမေးမြန်းပြီး လူလိုသူလို ဆက်ဆံခြင်းမရှိ။ ကားသမားများကိုလည်း ကုန်စည်စစ်ဆေးသည့်အခါတိုင်း အကြောင်းပြချက်မျိုးစုံဖြင့် ငွေညှစ်သည်။ မကြာခဏဆိုသလို ခရီးသွားပြည်သူများအပေါ် ကိုယ်ထိလက်ရောက်ကျုးလွန်မှုများရှိတတ်ပြီး အပြင်း အထန်ဒဏ်ရာရအောင် ရိုက်နှက်သလို  အသက်သေဆုံးသွားသည်အထိ ဖြစ်ရပ်များလည်း ရှိနေသည်။  

အညာမှ ခရီးသွားပြည်သူ၊ ကုန်သည်နှင့် ကားသမား စုစုပေါင်း ၁၄ ဦးထံ မေးမြန်းစုံစမ်းခဲ့ရာတွင် နေရာစုံ မှဖြစ်စဉ်အများစုတွင် စစ်ကောင်စီဂိတ်များသည် ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့် နေသည်ကိုတွေ့ရပြီး စစ်ကောင်စီ၏ ယင်းကဲ့သို့လုပ်ရပ်များကို “ဗြောင်ကျကျ ဓားပြတိုက်မှု” ဟု ကား သမားများ နှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ခရီးသွားများက ကဲ့ရဲ့ရှုံ့ချကြသည်။ 

ယင်းသို့ လမ်းပေါ်ဓားပြတိုက်မှုများက ခရီးသည်တင်ကားရော ကုန်တင်ကားတွေပါ ကြုံတွေ့နေရခြင်း ဖြစ်သည်။

ချင်းတွင်းမြစ်ရိုးတလျှောက်ဒေသများအတွက် ကုန်စည်ပို့ဆောင်ရာ အဓိကလမ်းပိုင်းဖြစ်သည့် မန္တလေး-မုံရွာလမ်းပိုင်းကို စစ်ကောင်စီတပ်ကထိန်းချုပ်ထားဆဲဖြစ်ပြီး လတ်တလောတွင် လမ်းတလျှောက် ကုန် ကားများကိုစစ်ဆေးတောင်းခံသည့် စစ်တပ်ဂိတ် ၁၃ ခု အထိရှိသည်။ ကုန်ကားကြီးတစီးလျှင် စုစုပေါင်း ဂိတ်ကြေး ကျပ် ၃၀၀,၀၀၀ ဝန်းကျင်ခန့်အထိ ကုန်ကျနေကြောင်း သိရရသည်။

မန္တလေးမှ မုံရွာအထိလမ်းပိုင်းတွင် လက်တလောတွေ့ရသည့် ပုံမှန်ဂိတ်များအဖြစ် စစ်ကိုင်းတံတား၊ ကန်တလူ၊ ညောင်ပင်ဝန်း၊ ထီးဆောင်း၊ ကျောက်နဂါး၊ ဂွေးပင်တော၊ ကားပျက်ကြီး၊ ချောင်းဦးအဝင်၊ မြပုလဲဆီဆိုင်၊ ခင်မွန်ကြက်ခြံ၊ စွမ်းရည်ထက်၊ မုံရွာမုခ်ဦး နှင့် မုံရွာမြို့ရှောင်လမ်း စသည့် နေရာများတွင် တည်ရှိနေသည်။

မိုင် ၈၀ ကျော်သာရှိသည့်ခရီးတွင် ငါးမိုင်လျှင်တဂိတ်နှုန်းဖွင့်ကာ တောင်းရမ်းနေသည့် သဘောဖြစ် သည်။ ယင်းအပြင် ရံဖန်ရံခါတွင် စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်ဖြင့် အမိုးအကာပါကားကြီးများ ထိုးကာ ယာယီဂိတ်များလုပ် တောင်းခံသည်လည်း ရှိသည်။

ကုန်ကားသမားတဦးထံမှ ရရှိသည့်စာရင်းအရ ကျပ် ၅,၀၀၀ ကောက်သည့်ဂိတ်သုံးခုသာတွေ့ရပြီး ကျန် ဂိတ်များမှာ ကျပ် ၁၀,၀၀၀ နှင့်အထက်တောင်းနေသလို ဂိတ်အချို့မှာ ကျပ် ၅၀,၀၀၀ နှင့် ၅၀,၀၀၀ အထက် တောင်းခံနေကြသည်ကို တွေ့ရသည်။

“မန္တလေး-မုံရွာလမ်းကတော့ အတောင်းအရမ်းအကြမ်းဆုံးပဲ။ တခါတခါ ပိုက်ဆံတင်မကဘူး ဘိလပ် မြေအိတ်ပါဆွဲချတယ်” ဟု မန္တလေး-မုံရွာ ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းမှ ကားသမားတဦးက ပြော ပြသည်။

စစ်ကောင်စီသည် ဂိတ်များဆောက်လုပ်ရာတွင် လမ်းဘေး၌ မြေကျင်းကြီးများကို ဥမင်လှိုဏ်ခေါင်းကဲ့ သို့တူးထားပြီး မြေကျင်းအတွင်း လူအများအပြားခိုလှုံနိုင်အောင် တည်ဆောက်ထားသည်ကို တွေ့ရ ကြောင်းနှင့် အဆိုပါဂိတ်များအတွက် ဘိလပ်မြေအိတ်များကို အတင်းအဓမ္မတောင်းယူခြင်းဖြစ် ကြောင်းလည်း ၎င်းက ရှင်းပြသည်။

စစ်ကောင်စီဂိတ်များ၏ အတောင်းအရမ်းကြမ်သည့်ဒဏ်ကို မခံနိုင်တော့သည့်အတွက် ကုန်ကားပြေး ဆွဲမှုကိုရပ်ပြီး ဂိတ်မှ နှုတ်ထွက်လိုက်သူများလည်း ရှိသည်။

“တန်ဆာခ က ၇၀၀,၀၀၀ လောက်ရတာကို မကိုက်တော့ဘူးဗျာ။ ပေးမလောက်ဘူး။ ဒီတော့ ဆက်ဆွဲ နေလည်း စိတ်ပန်းလူပန်းရုံပဲ” ဟု အထက်ပါကားသမားက ပြောသည်။

စစ်ဆေးရေးဂိတ်များသည် ပုံမှန်သတ်မှတ်ကြေးဖြင့် တောင်းခံသည့်ပုံစံရှိသော်လည်း ဂိတ်အလှည့်ကျ စစ်သားမူးနေသည့်အခါမျိုးတွင် စိတ်ထင်ရာတောင်းသည်ကိုလည်း မကြာခဏကြုံရကြောင်း ကား သမားများက ပြောသည်။ ဂိတ်စောင့် စစ်သား၏ မထင်ရင်မထင်သလို သုံးတတ်သော “အမြင်ကပ်ပုဒ်မ” ကအဆိုးဆုံးဟုလည်း ၎င်းတို့ကဆိုသည်။ ယင်းသို့ထင်သလိုလုပ်နေသည်က အညာတွင် စစ်ကောင်စီ တပ်ကြီးစိုးနေသည့် လမ်းတိုင်းလို ကြုံတွေ့နေရသည်။

“ဒီပဲယင်း မြို့အဝင်ဂိတ်ဆိုရင် ကုန်ကားတစီးကို ၅၀၀,၀၀၀ ထိ တောင်းတာကြုံဖူးတယ်။ အဲဒီကားသမား က ဘာလို့လဲ ဆရာရယ်လို့ ကြောက်ကြောက်နဲ့မေးတော့ တောင်းချင်လို့ တောင်းတာကွာလို့ စစ်သားက ပြန်ပြောတယ်” ဟု ယင်းဖြစ်စဥ်ကိုတွေ့ကြုံခဲ့သည့် မုံရွာမှ ကားဆရာတဦးက ပြောပြသည်။

မုံရွာ-ဘုတလင်-ရေဦး-ဒီပဲယင်း-တန့်ဆည်လမ်းပိုင်းတွင်လည်း စစ်ကောင်စီဂိတ် ၁၂ ခု အထိ အထိုင်ချ ကာ အတောင်းအရမ်းကြမ်းနေသည့်အတွက် လက်ရှိတွင် ကုန်ကားအနည်းငယ်သာ ပြေးဆွဲတော့သည် ဟုသိရသည်။ အဆိုပါ မုံရွာ-တန့်ဆည်လမ်းပိုင်းတွင် ကုန်ကားမရှိသလောက်ဖြစ်သွားရာ လမ်းပိုင်း အလိုက် ကားငယ်များဖြင့် တဆင့်ချင်းကုန်သယ်နေရကြောင်းလည်း ဒေသခံကုန်သည်တဦးက ရှင်းပြ သည်။

“ဆိုးတာက ကားသမားကို ပိုက်ဆံညှစ်ရုံတင် မဟုတ်တော့ဘူး။ တခါတခါ သူတို့လိုချင်တဲ့ပစ္စည်း ကား ပေါ် ပါလာရင် ဆွဲချယူထားလိုက်တာ” ဟု ၎င်းက ပြောသည်။

ယင်းသို့ ကားပေါ်ပါသည့်ပစ္စည်းများကို လုယက်ဆွဲယူသည့် ဖြစ်စဉ်မျိုးက မုံရွာမြောက်ထိပ် သုံးထောင့် ချွန်ဟု ဒေသခံများခေါ်ဆိုကြသည့် မုံရွာ-ယာကြီး-ကလေး၀လမ်းနှင့် မုံရွာ-တန့်ဆည်လမ်းနှစ်ခု အဆုံ မုံရွာမြို့အဝင်နေရာတွင် အဆိုးဆုံးဖြစ်ကြောင်း ကားသမားများကဆိုသည်။

အဆိုပါ သုံးထောင့်ချွန်ဂိတ်တွင် စစ်ကောင်စီတပ်၊ စည်ပင်၊  မူးယစ် နှင့် ယာဉ်ထိန်း လေးမျိုးပေါင်း ကောက်ခံနေရာ အတောင်းအရမ်းကြမ်းသည့်အပြင် ဘိလပ်မြေအိတ်၊ မြေဆီအိတ်များနှင့် သံထည် ပစ္စည်းများကို မကြာခဏ ဆွဲချတတ်သည်။ တခါတရံတွင် အရက်ဘီယာဖာများကို အလှူခံသလိုလို၊ တောင်းသလိုလိုနှင့် အတင်းဆွဲချယူထားသည်များလည်းရှိကြောင်း ကားသမားများထံမှ စုံစမ်းသိရှိရ သည်။ 

မုံရွာမှ ကချင်ပြည်နယ် ဖားကန့်သို့သွားသည့် ခရီးသည်တင်ယာဉ်လိုင်းများတွင်လည်း မကြာခဏဆို သလို ငွေညှစ်လူရိုက်ခံရသည့် ဖြစ်စဉ်များရှိနေသည်။ စစ်ကိုင်းတိုင်းအတွင်းလမ်းပိုင်းများတွင် စစ် ကြောင်းထိုးသည်နှင့်ကြုံသည့်အခါ အဆိုးဆုံးဖြစ်ပြီး ကားပေါ်ပါလာသည့်ပစ္စည်းကို လုယူသည့်အပြင် ခရီးသည်တဦးချင်းစီမှ ငွေညှစ်သည်လည်း ရှိနေသည်။

“ကျနော်တို့ ပြန်လာတော့ ကျောက္ကာအဝင်နားမှာ စစ်ကြောင်းနဲ့ မိတယ်။ ပါလာတဲ့ ကြက်လေးကောင်ကို စစ်သားတယောက်ကယူတယ်။ နောက်တယောက်က ကားပေါ်က အိတ်တွေစစ်ပြီး ကြိုက်တဲ့ပစ္စည်း တွေယူတယ်။ ကျနော့် ကျောက်ကြည့်မီးလည်း ပေးလိုက်ရတယ်။  ကားသမားကို ကားပေါ်ပါလာတဲ့ ခရီးသည်တွေဆီကနေ တယောက် ၅၀,၀၀၀ ကောက်ပြီး အပ်ခိုင်းတယ်။ မနည်းတောင်းပန်ကြတော့မှ တယောက် ၅,၀၀၀ နဲ့ တည့်သွားတယ်” ဟု ဖားကန့်ကပြန်လာသည့် ယင်းမာပင်မြို့နယ်မှ ခရီးသည် တဦးက ပြောသည်။

ယခုကဲ့သို့ဂိတ်များဖွင့်ပြီး အတင်းအဓမ္မ ငွေကြေးတောင်းခံနေသည့်ဖြစ်ရပ်များနှင့် ပတ်သက်၍ စစ်ကောင်စီ လက်အောက်ခံ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးသို့ ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်း ခေါ်ဆို၍ မရခဲ့ပေ။

စစ်ကောင်စီဂိတ်များသည် နည်းမျိုးစုံဖြင့် ငွေညှစ်သည့်လုပ်ရပ်များအပြင် ခရီးသည်များကို မှတ်ပုံတင် စစ်ဆေးသည့်အခါ မှတ်ပုံတင်အသစ် လဲလှယ်ထားခြင်းမရှိလျှင်သော်လည်းကောင်း၊ မှတ်ပုံတင်မရှိ သဖြင့် ထောက်ခံစာမပါလျှင်သော်လည်းကောင်း ခရီးသည်များကို ပုံစံထိုင်ခိုင်းခြင်း၊ ဖားခုန် ခုန်ခိုင်းခြင်း၊ ဂိတ်နားဝန်းကျင်တွင် သန့်ရှင်းရေးလုပ်ခိုင်းခြင်းများ ဒဏ်ပေးသည်လည်းရှိသည်။

“မန္တလေးလမ်း ဂိတ်တခုမှာဆို မှတ်ပုံတင်မပြနိုင်တဲ့သူ၊ ထောက်ခံစာမပါတဲ့သူတွေကို မြက်နုတ်ခိုင်း တယ်” ဟု အဆိုပါြဖစ်စဉ်ကို ကြုံတွေ့ခဲ့သည့် မုံရွာမြို့ခံ ခရီးသည်တဦးက ပြောသည်။ 

စစ်ကောင်စီတပ်ကထိန်းချုပ်ထားသည့် အညာလမ်းမများတွင် ပျုစောထီးများကလည်း ပူးပေါင်းဂိတ် များသာမက ပျူရွာများ၏လမ်းဘေးတွင်လည်း ဂိတ်များဖွင့်ကောက်ခံကြသည်။ ယင်းအပြင် ယခု နောက်ပိုင်းတွင် မုံရွာအနီးတဝိုက်မှပျူစောထီးများက မြို့ပေါ်တက်ကာ ကားသမားများကို လက်နက်ပြ ပြီး ငွေညှစ်လာသည်။ ယင်းသို့ ပျူစောထီးများ၏ လုပ်ရပ်များအပေါ် စစ်ကောင်စီတပ်သားများကလည်း လစ်လျူရှုထားသည်ကို တွေ့ရသည်။ မုံရွာ ဇက်ကူးတို့ဆိပ်တွင် ပျူတစု၏ ငွေညှစ်ခံလိုက်ရသည့် ကား သမားတဦးက အနီးရှိစစ်တပ်ဂိတ်တခုထံ အကူအညီတောင်းရာတွင် စစ်သားက သူတို့လည်း မပြောရဲ ကြောင်းပြန်ပြောသည်ဟု ဆိုသည်။

“သူတို့က ပျူတွေကွ စားစရာပြတ်လို့ တက်လာကြတာ။ ငါတို့လည်း မပြောရဲဘူး” ဟု စစ်သားက ပြန် ပြောကြောင်း အဆိုပါကားသမားက ပြောသည်။

စစ်ကောင်စီလက်ပါးစေများသည် အညာလမ်းမများတွင် ထင်တိုင်းကျဲကာ ဂိတ်တခုနှင့်တခု ငွေညှစ်ပုံ ၊ ရမ်းကားပုံများ မတူသည်ကိုတွေ့ရသည်။ သို့သော် အချို့ ဂိတ်များရှိ စစ်သားအချို့နှင့် ပြောဆိုဆက်ဆံရ သည်မှာ အဆင်ပြေကြောင်း ကားသမားများဘက်က အကောင်းမြင်သည်များလည်း ရှိသည်။

သေချာသည့်အချက်မှာ ဂိတ်တိုင်းသည် ကိုယ့်မူနှင့်ကိုယ်လက်ကိုင်ထားပြီး အာဏာကို အပြည့်အဝ အသုံးချကာ မည်သည့်ဥပေဒကိုမျှ လက်ကိုင်ထားခြင်းမရှိပေ။ ဂိတ်များ၏ ဥပေဒမဲ့ ဆောင်ရွက်ချက် များ၊ အာဏာအလွဲသုံးစားလုပ်မှုများနှင့်ပတ်သက်ပြီး သူတလူ ငါတမင်းဖြစ်နေပုံကို ကားသမားတဦးက ၎င်းကြုံခဲ့ရသည့် လမ်းဂိတ်တခုမှ အရာရှိတဦး ပြောဆိုချက်အားကိုးကားပြီး ယခုလို ပြန်ပြောပြသည်။

“ဘယ်ဂိတ်တွေ ဘယ်လိုပဲကောက်တယ် လာမပြောနဲ့တဲ့။ ဘယ်ဌာနက ဘယ်ဝန်ကြီးကဆိုပြီး လက် မှတ်တို့ ထောက်ခံစာတို့လည်း လာမပြနဲ့တဲ့။ ကုန်ကုန်ပြောမယ် မင်းအောင်လှိုင်လက်မှတ်ပါလည်း xxx ဂရုမစိုက်ဘူးတဲ့”  

၎င်းတို့အနေဖြင့် ကိုယ့်ခွင်ကိုယ် အဆင်ပြေအောင်ဖန်စားဖို့ အထက်အမိန့်ရပြီးသားဖြစ်ကြောင်း အဆိုပါ အရာရှိကပင် ထပ်မံပြောကြောင်း ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required