ညမထွက်ရအမိန့် ဖြေလျော့မှု သတိပြုရန် တော်လှန်ရေးအင်အားစုများအသိပေး

By ဂန္ဒမာ (မဇ္ဈိမ)
30 October 2023
ညမထွက်ရအမိန့် ဖြေလျော့မှု သတိပြုရန် တော်လှန်ရေးအင်အားစုများအသိပေး
 ပုံအညွှန်း - ရန်ကုန်မြို့တနေရာတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့မှ လူငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမြင်တွေ့ရစဉ် (ပုံဟောင်း)

ဒေသအများအပြား စစ်ရေးတင်းမာနေချိန်  ရန်ကုန်အပါအဝင် မြို့နယ်အချို့၌  ညမထွက်ရအမိန့် ပြောင်းလဲဖြေလျှော့လိုက်သည့်စစ်ကောင်စီ၏ လုပ်ရပ်အပေါ် သတိပြုရန်  တော်လှန်ရေးအင်အားစုများက အသိပေးသည်။

ရန်ကုန်တိုင်းအတွင်း၌(ကိုကိုးကျွန်းမပါ) ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်(ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄) အား ထုတ်ပြန်ထားသည့် စစ်ကောင်စီက ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်မှစ၍ နံနက် ၁ နာရီမှ နံနက် ၃ နာရီအထိ အချိန်ပြောင်းလဲပြင်ဆင်လိုက်ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ 

မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဦးဆောင်တိုက်ခိုက်နေသည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် လူထုက စစ်ရေးအခြေအနေအပေါ် စိုးရိမ်မှုများရှိနေစဉ် စစ်ကောင်စီ၏ ညမထွက်ရအမိန့်ဖြေလျော့သည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းအပေါ် ရန်ကုန်မြို့ခံများနှင့် တော်လှန်ရေးအင်အားစုများက သံသယရှိနေသည်။

" လူငယ်ပိုင်းတွေ ညဘက်အပြင်ထွက်ရင် ပိုပြီး သတိထားသင့်ပါတယ် ။ ဒီကာလမှာ စစ်တပ်ရဲ့ ရမ်းကားမှုကြောင့် ဘာမဆိုဖြစ်သွားနိုင်လို့ပါ” ဟု ရန်ကုန်မြို့အခြေစိုက် တော်လှန်ရေးအင်အားစုခုတခုမှ တာဝန်ရှိသူက ပြောသည်။ 

ရန်ကုန်တိုင်းအတွင်း ဗိုလ်တထောင် ၊ လသာ ၊ ပုစွန်တောင်၊ ရွှေပေါက္ကံ စသည့်မြို့နယ်တို့တွင် ညမထွက်ရအမိန့်ပြောင်းလဲခြင်းအား လိုက်လံကြေညာသဖြင့်သိရှိပြီးဖြစ်ကြောင်း ဒေသခံများကပြောပြီး မြို့နယ်အချို့မှာမူ  ယခုထုတ်ပြန်ချက်အား မသိရှိသေးဟုဆိုသည်။

စစ်ကောင်စီက ရန်ကုန်မြို့၌ လူငယ်များအား ပစ်မှတ်ထားကာ ဧည့်စာရင်းစစ်ဆေးခြင်း၊ မြို့တွင်းသွားလာနေချိန်၌ ရှာဖွေစစ်ဆေး ဖမ်းဆီးမှုများပြုလုပ်လျက်ရှိနေ၍ ယခု ကြေညာချက်အပေါ် သံသယရှိနေကြောင်း မြို့ခံတဦးကပြောသည်။

“မာရှယ်လောအချိန်ကိုလျှော့ပြီး တဖက်မှာ ညဘက်ထွက်တဲ့လူငယ်တွေကို ပေါ်တာဆွဲတာဖြစ်လာနိုင်တယ်။ မထင်မထင်သလိုဖမ်းသွားတာတွေလည်းရှိတယ်” ဟု ပြောသည်။ 

ရန်ကုန်မြို့၌ ညမထွက်ရအမိန့်ကို ပြောင်းလဲလိုက်ခြင်းသည် စစ်ကောင်စီက ပွင့်လင်းရာသီ၌  ပွဲလမ်းသဘင်များ ပ်ိုမိုကျင်းပပြီး လူငယ်များအား အပျော်အပါးဘက်သို့ ဆွဲဆောင်လိုခြင်းဟု သုံးသပ်မှုများလည်း ရှ်ိနေသည်။

" လူငယ်တွေကို အပျော်အပါးဘက်ရောက်ပြီး နိုင်ငံအရေးနဲ့ဝေးကွာအောင်လုပ်တာပါ။ ပ်ိုဆိုးတာက စစ်တပ်နဲ့ရဲကို ငွေပေးပြီးဖွင့်ထားတဲ့ KTV၊Night Club၊ Bar တွေမှာပါ စစ်တပ်ကပူးပေါင်းဖြန့်ဖြူးနေတဲ့ မူးယစ်ဆေးမျိုးစုံကို အလွယ်တကူ ရရှိနိုင်ပြီး လူငယ်များကို ဖျက်ဆီးနေပါတယ်"ဟု နိုင်ငံ‌ ရေးတက်ကြွလှုပ်ရှားသူ လူငယ်တဦးကပြောသည်။

ညမထွက်ရအမိန့်ကို ရန်ကုန်တိုင်းတွင်(ကိုကိုကျွန်းမြို့နယ်မပါ) အချိန် လျှော့ချခဲ့ပြီး နေပြည်တော်တွင် ပုဗ္ဗသီရိမြို့နယ်၌ ညမထွက်ရအမိန့် ပယ်ဖျက်ကြောင်း သိရသည်။ မန္တလေးတိုင်းအတွင်း သပိတ်ကျင်း ၊ မိုးကုတ် ၊ မတ္တရာနှင့် စဥ့်ကူးမြို့နယ်များမှလွဲ၍ အခြားမြို့နယ်များအား ညမထွက်ရအမိန့်ပယ်ဖျက်ခဲ့သည်။ ပဲခူးတိုင်းတွင်လည်း ပဲခူးမြို့၊ပြည်မြို့နှင့်မကွေးတိုင်းမှ  မြို့နယ် ဆယ်ခုကျော်ကိုလည်း ညမထွက်ရအမိန့်ပယ်ဖျက်ကြောင်း သိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly