မန္တလေး ကျောက်တော်ကြီးဘုရားပွဲတွင် လောင်းကစားဝိုင်း ၅၀ ခန့်ရှိဟုဆို

By 007 (မဇ္ဈိမ)
30 October 2023
မန္တလေး ကျောက်တော်ကြီးဘုရားပွဲတွင် လောင်းကစားဝိုင်း ၅၀ ခန့်ရှိဟုဆို

မန္တလေးတောင်ခြေအနီးတွင် ကျင်းပနေသည့် ကျောက်တော်ကြီးဘုရားပွဲ၌ လောင်းကစားဝိုင်း ၅၀ ခန့်တွေ့ရကြောင်း ဒေသခံများထံမှသိရသည်။

လောင်းကစားဝိုင်းများ ပြုလုပ်သည့်နေရာမှာ ရှေးဟောင်းသမိုင်းဝင် ကုသိုလ်တော်ဘုရား(မဟာလောက မာရဇိန်ကုသိုလ်တော်စေတီ)နှင့် စန္ဒာမုနိဘုရား (နန်းမြေဘုံသာစံနန်းတော်ရာစေတီ)နှစ်ဆူကြားဖြစ်ပြီး သာသနာ့နယ်မြေတွင် ပြုလုပ်နေခြင်းကြောင့် မြို့လူထုအကြားဝေဖန်မှုများ ရှိနေသည်။

“ကုသိုလ်တော်နဲ့ စန္ဒာမုနိ ဘုရားနှစ်ဆူကြားက လောင်းကစားဝိုင်းသီးသန့်နေရာလို ဖြစ်သွားတယ်။ အဲဒီ တလျှောက်လုံးမှာ လောင်းကစားဝိုင်းတွေချည်းတွေ့ခဲ့ရတယ်။ သိန်းနဲ့ချီပြီး လောင်းကစားလုပ်ကြတဲ့ဝိုင်း က ၂၀ လောက်ရှိမယ်။ ကျန်တာတော့ ဂလုံးဂလုံးလို့ခေါ်တဲ့ ဆင်၊ ကြက်၊ ဖား လောင်းကစားဝိုင်းတွေနဲ့ အပျော်တမ်းသေနတ်ပစ်ဂိမ်းတို့၊ အံစာတုံး ဂျောက်ဂျက်ခေါက်တာတို့ပေါ့။ အားလုံးပေါင်း ၅၀ လောက် ရှိ မယ်” ဟု အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“ဒါမျိုးက ဘယ်ခေတ်ဘယ်အခါတုန်းကမှ မရှိခဲ့ဘူး။ တို့မန္တလေးက ဘုရားပွဲတွေဆိုတာ ယဉ်ကျေးမှုနဲ့ ဓလေ့ကို ဦးစားပေးလုပ်ကြတဲ့ပွဲတွေပါ။ တချို့နှစ်တွေမှာ ချောင်ရင်ချောင်သလို၊ လောင်းကစားဝိုင်း တခု၊ နှစ်ခု ခိုးလုပ်ကြတာမျိုးရှိတတ်ပေမယ့် မပြောပလောက်တာတွေပါ။ အခုဟာက တို့လည်းတွေ့ခဲ့တယ်၊ တို့မန္တလေးသူမန္တလေးသားတွေ အလွန်အင်မတန်တန်ဖိုးထားကြတဲ့ ဘုရားနှစ်ဆူကြားမှာ လောင်းကစား ဝိုင်းတန်းကြီးကိုဟီးလို့” ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် စာပေလောကသားတဦးကပြောသည်။

သမိုင်းဝင် မန္တလေးကျောက်တော်ကြီးဘုရားပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ အထိကျင်းပနေခြင်းဖြစ်ပြီး ဘုရားပွဲစတုတ္ထမြောက်နေ့က ပွဲခင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဈေးသည် တဦးဒဏ်ရာရခဲ့သော်လည်း လူမပြတ်ဘဲ စည်ကားခဲ့ကြောင်းသိရသည်။

နှစ်စဉ် သီတင်းကျွတ်လဆန်း ၈ ရက်မှ လပြည့်ကျော် ၃ ရက်နေ့အထိ ရက်ရှည်ကျင်းပလေ့ရှိသည့် ကျောက်တော်ကြီးဘုရားပွဲကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကျော်ခန့်ကတည်းက ကျင်းပခဲ့ကြခြင်း ဖြစ် သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု မန္တလေးဓလေ့အငွေ့အသက်များဖြင့် နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ကိုဗစ်ကာလ နှင့် စစ်အာဏာသိမ်းသည့်နှစ်များတွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင်မှ စစ်ကောင်စီ၏ အစီအစဉ်ဖြင့် ပြန်လည်ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

“အရင်လို ပွဲလမ်းသဘင်တွေ မပါဘူး။ ဈေးသည်နဲ့ လောင်းကစားဝိုင်းတွေပဲ ပါတာ။ တညကို ပွဲလာသူ ၂၀,၀၀၀ နဲ့အထက်ရှိတယ်လို့ ဆိုင်ကယ်စတန်း(မော်တော်ယာဉ်ရပ်နားခွင့်ကောက်ခံသည့်နေရာ)တွေဆီ ကနေ ပြန်သိရတယ်” ဟု မန္တလေးမြို့ခံ သတင်းရင်းမြစ်တဦးက ပြောသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly