အရှိန်မြင့်လာသည့် တိုက်ပွဲများကြောင့် ပြင်ဦးလွင်ကို ကာကွယ်ရန်  စစ်ကောင်စီ ပြင်ဆင်

By ဂျူချန်း၊ ရွှေနွယ်(မဇ္ဈိမ)
30 October 2023
အရှိန်မြင့်လာသည့် တိုက်ပွဲများကြောင့် ပြင်ဦးလွင်ကို ကာကွယ်ရန်  စစ်ကောင်စီ ပြင်ဆင်
ဓာတ်ပုံ - PSLF/TNLA

စစ်တက္ကသိုလ် (DSA)နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(DSTA)တည်ရှိရာ ပြင်ဦးလွင်မြို့သို့ နီးကပ်လာနေသည့် တိုက်ပွဲများကြောင့် ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ (ပိတ်ချင်းမြောင်) တွင် စစ်ကောင်စီက အင်အားအများအပြား တိုးမြှင့်ချထားကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့အကြားရှိ သံဘိုရွာတွင် မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့်ကြားတိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ကောင်စီ၏ တပ်စခန်းများလက်လွှတ်ခဲ့ရသည့်အတွက် ဝက်ဝံကျေးရွာတွင်  စစ်အင်အား တိုးမြှင့်ချထားလာခြင်းဖြစ်သည်။

သံဘိုရွာသည် နောင်ချိုမြို့နယ်အပိုင်ဖြစ်ပြီး ပြင်ဦးလွင်မြို့အပိုင် ဝက်ဝံကျေးရွာနှင့် ခုနစ်မိုင်ခန့် ကွာဝေးသသည်။

“ဝက်ဝံရွာထဲမှာ စစ်သားတွေကတော့အပြည့်ပဲ။ စစ်သားတို့ ပျူစောထီးတို့ ဘတ်တံဆိပ်တွေမတူဘူး ။အပြာတွေရောအနီတွေရော။ သုံးလေးရာလောက်ရှိမယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ဝက်ဝံရွာတွင် ယခင်က  စစ်ကောင်စီတပ်သားများမရှိဘဲ သံဘိုရွာတွင် တိုက်ပွဲပြင်းထန်ပြီး နောက်ပိုင်းမှ ပြင်ဦးလွင်ကိုကာကွယ်ရန်  အင်အားတိုးမြှင့်လာခြင်းဖြစ်ကြောင်း ဒေသခံ၏ ပြောဆိုချက်အရသိရသည်။ 

"သံဘိုဘက်မှာ စစ်စခန်းတွေချထားတယ်။ ဒီဘက်မှာဆိုရင်လည်း နောင်ချိုက စစ်တပ် (၁၁၄)၊ (၁၁၅) ရှိတယ်။ အဲ့တာတွေကျော်ပြီဆိုရင်တော့ ဝင်လာဖို့(ပြင်ဦးလွင်သို့) လွယ်သွားပြီပေါ့နော့" ဟု ဝက်ဝံရွာဒေသခံ ၎င်း၏ အမြင်ကို ဆိုသည်။

နောင်ချိုမြို့အတွင်းရှိ သံဘိုကျေးရွာ နတ်စင်ကုန်းစစ်ကောင်စီစခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ မန္တလေး PDF နှင့် ပူးပေါင်းတပ်ဖွဲ့တို့က အောက်တိုဘာ ၂၆ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူးကြီး တားအိုက်ကျော်က မဇ္ဈိမ ကို အောက်တိုဘာ ၂၈ ရက်နေ့တွင် အတည်ပြုထားသည်။

အလားတူ နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာ ၂၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့တွင် TNLAနှင့် မန္တလေး PDF တို့က နောင်ချိုမြို့အနီးကို ထိန်းချုပ်ထားနိုင်ပြီး အချက်အချာကျသည့် ဂုတ်တွင်းတံတားကိုလည်း သိမ်းပိုက်ထားနိုင်ကြောင်း နောင်ချိုဒေသခံများကပြောသည်။ နောင်ချိုမြို့သည် ပြင်ဦးလွင်နှင့် မိုင် ၃၀ကျော်သာ ကွာဝေးသည်။

စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ အကြမ်းဖက်မှုများကို ဟန့်တားနိုင်ရေးနှင့် အွန်လိုင်းလောင်းကစား လိမ်လည်မှုတွင် ပါဝင်ပတ်သက်နေကြသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းရန် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက် နံနက်တွင် စတင်ပြီဟု  မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ပူးတွဲထုတ်ပြန်ပြီး တိုက်ပွဲဝင်နေကြသည်။ ယနေ့ သည် စစ်ဆင်ရေး လေးရက်မြောက်ဖြစ်ပြီး စစ်ကောင်စီတပ်စခန်းပေါင်း ၆၇ ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း MNDAA က ယနေ့ညနေတွင် သတင်းထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly