အင်ဒိုနီးရှားတွင် ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်မှုအပေါ် ဖြိုခွင်းနှိမ်နင်းမှုများကို အရှိန်မြှင့်လုပ်ဆောင်

By Vietnam Plus
30 October 2023
အင်ဒိုနီးရှားတွင် ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်မှုအပေါ် ဖြိုခွင်းနှိမ်နင်းမှုများကို အရှိန်မြှင့်လုပ်ဆောင်
ဓာတ်ပုံ - အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အာမက်ဒ် ရာမာဒ်ဟန်

အင်ဒိုနီးရှားတွင် ၂၀၂၄ ဖေဖေါ်ဝါရီ ရွေးကောက်ပွဲများ မတိုင်မီ လူမှုဝန်းကျင် လုံခြုံရေးကို သေချာစေရန် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနက အောက်တိုဘာလအတွင်း အကြမ်းဖက်သံသယရှိသူ ၄၅ ဦးကို ဖမ်းဆီးခဲ့သည်။

နိုင်ငံ၏ ရဲတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်အဖွဲ့များနှင့် ပြစ်မှုကျူးလွန်သူများကို ဖြိုခွင်းနှိမ်နင်းမှုကို အရှိန်မြှင့်လုပ်ဆောင်လျက် ရှိသည်ဟု အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အာမက်ဒ် ရာမာဒ်ဟန်က အောက်တိုဘာ ၂၉ ရက် သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။

ဂျကာတာ၊ အနောက် ဂျာဗားနှင့် အလယ်ပိုင်း ဆူလာဝေစီ ပြည်နယ်တို့တွင် သီးခြားလုပ်ဆောင်သော စစ်ဆင်ရေးများအတွင်း သံသယရှိသူ ၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းတို့သည် အစွန်းရောက်ဝါဒီ အုပ်စု Jamaah Ansharut Daulah (JAD) သို့မဟုတ် အစ္စလမ္မစ် နိုင်ငံတော် (အိုင်အက်စ်) အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုသည်။

သံသယရှိသူတချို့သည် ဆိုရှယ်မီဒီယာတွင် လှုံ့ဆော်ဆွပေးသော ပို့စ်များ တင်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း အာမက်ဒ်က ပြောသည်။

ထိုမတိုင်မီ အစောပိုင်းကလည်း အနောက် ဆူမားတြား၊ တောင် ဆူမားတြား၊ လမ်ပန်၊ အနောက် နူဆာ တန်ဂါရာ၊ အနောက်ဂျာဗားနှင့် အနောက် ကာလီမန်တန် ပြည်နယ်တို့တွင် အကြမ်းဖက်မှုနှင့် ဆက်နွယ်သည့် ပြစ်မှုကျူးလွန်သော လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်သည် ဆိုသည့် လူ ၁၈ ဦးကို ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required