မိုးကုတ်မြို့အနီး စစ်ကောင်စီနှင့် TNLA၊PDF ပူးပေါင်းတပ် တိုက်ပွဲဆက်ဖြစ်

By 007(မဇ္စျိမ)
27 October 2023
မိုးကုတ်မြို့အနီး စစ်ကောင်စီနှင့် TNLA၊PDF ပူးပေါင်းတပ် တိုက်ပွဲဆက်ဖြစ်
မိုးကုတ်မြို့ ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်နေသည်ကို အောက်တိုဘာလ ၂၆ရက်က တွေ့ရစဉ်  Photo-Cj

မိုးကုတ်မြို့နယ်တဝိုက်၌ စစ်ကောင်စီတပ်နှင့် TNLA၊PDFပူးပေါင်းတပ်ဖွဲ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အင်အားပြင်းထန်သည့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်ရပ်နှင့် မိုးကုတ်မြို့တောင်ပိုင်းရှိ ကုန်းစံရွာ၊ဂွေးပင်ရွာတို့တွင်  ယမန်နေ့ အောက်တိုဘာလ ၂၆ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့ တိုက်ပွဲဆက် လက်ပြင်းထန်နေခြင်းဖြစ်သည်။

“မနက်မိုးလင်းကတည်းက လက်နက်ကြီးသံတွေကြားနေရပြန်တယ်။ ဂွေးပင်ကျေးရွာဘက်မှာ တိုက်ပွဲက ဆက်ဖြစ်နေတုန်းလို့သိရတယ်။ တော်လှန်ရေးတပ်တွေနဲ့ စကစ တိုက်ပွဲပြင်းထန်နေတယ်လို့၊ ဒီဘက်(မိုးကုတ် အရှေ့ပိုင်း)ထွက်ပြေးလာသူတွေကပြောတယ်” ဟု မိုးကုတ်ဒေသခံသ တင်းရင်းမြစ်ကပြောသည်။

တိုက်ပွဲကြောင့် ဒေသခံအများအပြားသည် မိုးကုတ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်းသိရသည်။စစ်ကောင်စီတပ်က ယမန်နေ့မှစ၍  မိုးကုတ်မြို့စစ်တန်းရပ်ကွက်ရှိ ၎င်းတို့တပ်စွဲထားသောဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့်လှမ်းပစ်နေ သောကြောင့်  ထိန့်လန့်ကြောက်ရွံ့နေကြရသည်ဟု မြို့ခံများကပြောသည်။

" လက်နက်ကြီးသံတွေက အရင်ကနဲ့မတူဘူး။ ကလေးတွေရော၊ လူကြီးတွေရော၊ တိရိစ္ဆာန်တွေပါ ကြောက်လန့်နေတာ"ဟု ဒေသခံတဦးကပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မိုးကုတ် PDFပူးပေါင်းပြီး မိုးလုံးမှိုင်း စစ်ဆင်ရေး၏တစိတ်တဒေသအဖြစ် မန္တလေးတိုင်း မိုးကုတ်မြို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့မှ စစ်ကောင်စီ၏တပ်စခန်းများကို ယမန်နေ့နံနက်ပိုင်းတွင် ၀င်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။

တိုက်ပွဲသတင်းနှင့်ပတ်သက်၍ TNLAနှင့် မိုးကုတ် PDFထံဆက်သွယ်မေးမြန်းခွင့်ရရန်ကြိုးစားနေသော် လည်း အဆက်အသွယ်မရရှိသေးပေ။

ထို့အပြင်ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ လောက်ကိုင်၊  နမ့်ခမ်း၊ ချင်းရွှေဟော်နှင့် လောက်ကိုင်မြို့တို့မှစစ်ကောင် တပ်စခန်းများနှင့် စစ်ဆေးရေးဂိတ်များကို ယနေ့နံနက်အစောပိုင်းကစ၍ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ ဖြစ်သော  မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNTJP/MNDAA၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PSLF/TNLA နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခုင့်တပ်တော်-ULA/AAတို့က Operation 1027 အဖြစ်ကြေညာပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required