ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကို အင်းစိန်ထောင်တွင် ဖမ်းဆီးထား

By မိုးသောက် (မဇ္ဈိမ)
29 October 2023
ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကို အင်းစိန်ထောင်တွင် ဖမ်းဆီးထား

လူမှုကွန်ရက်စာမျက်နှာတွင် စစ်ကောင်စီကို ဝေဖန်သည့်စာများ ရေးသားသည့်  ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အောက်တိုဘာလ ၂၈ရက် ညပိုင်းတွင် ဖမ်းဆီးထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူထံက သိရသည်။

“ညကတည်းက အလုံမြို့မရဲကဖမ်းပြီး
အင်းစိန်ထောင်ပို့ထားပါတယ်ဗျ၊ ရုံးဖွင်တဲ့နေ့မှ ချုပ်ရမန်ယူပါလိမ့်မယ်”ဟု ၎င်းကမဇ္ဈိမကိုပြောသည်။

ဦးရဲထွဋ်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅−က ဖြင့် တရားစွဲဆို ဖမ်းဆီးပြီး အမှုဖွင့်ထားသည်ဟု စစ်ကောင်စီအား ဝါဒဖြန့်ပေးနေသည့် ချန်နယ်များတွင် ဖော်ပြထားသည်။

ဦးရဲထွဋ်သည် စစ်တပ်အရာရှိဟောင်းတဦးဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးတာဝန် ယူခဲ့ရသူဖြစ်သည်။

စစ်တပ်အငြိမ်းစား အရာရှိတဦးဖြစ်သော်လည်း အရပ်သားအစိုးရလက်ထက်တွင် ဦးရဲထွဋ်သည် နိုင်ငံရေးအသိုင်းအဝိုင်းနှင့် မီဒီယာအသိုင်းအဝိုင်းတို့တွင် ပိုမိုနီးစပ်လာပြီး  ကောင်းမွန်သည့် ဆက်ဆံရေးရှိသည့်သူတဦးဖြစ်သည်။  

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ၎င်းရေးသားသည့်အကြောင်းအရာအောက်၌ မှတ်ချက်ပြုရေးသားချက်တွင် ဦးရဲထွဋ်က စစ်မှုထမ်းဟောင်းအရာရှိတဦး၏ နေရပ်လိပ်စာကို ထုတ်ပြောခဲ့သဖြင့် စစ်ကောင်စီအား ဝါဒဖြန့်ပေးသူများအကြား ဝေဖန်ပြောဆိုမှု မြင့်တက်ခဲ့သေးသည်။

 "ပြောရမယ်ဆိုရင် သူတို့စစ်ဗိုလ်ချုပ်အချင်းချင်းပဲပေါ့။ အကွက်ထဲမဝင်သေးလို့ပေါ့။ အခုကတော့ အကွက်ထဲဝင်တော့ ဒဲ့ဝင်ကစ်လိုက်တာ မင်းအောင်လှိုင်ရဲ့ သဘောကတော့ သူနဲ့ ဒဲ့လာမညိနဲ့ ဒဲ့လာညိရင်တော့ ဒါဆွဲစိမယ်ဆိုတဲ့သဘောပေါ့။သူတို့မှာ ဟိုအရင်စီနီယာ၊ဂျုနီယာဆိုတဲ့ သဘောလည်းမရှိဘူးပေါ့။ သူ့အာဏာကို ထိပါးလာမယ်ဆိုရင် သူ့လုပ်ပိုင်ခွင့်ကို သရော်လာမယ်ဆိုရင် ဘယ်သူဖြစ်ဖြစ်ပေါ့ စိုးဝင်းမို့လို့ညှာမှာမဟုတ်သိလို မြထွန်းဦးလည်းညှာမှာမဟုတ်ပါဘူး။ သူ့ထိလာရင်တွယ်မယ်ဆိုတဲ့သဘောပါပဲ “ ဟု ဦးရဲထွဋ်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည့်အပေါ်တွင် CDMဗိုလ်ကြီးဇင်ယော်က ၎င်း၏အမြင်ကို ပြောပြသည်။

စစ်အာဏာသိမ်းပြီးသည့်နောက်တွင် စစ်ကောင်စီ၏ အလုပ်လုပ်ပုံများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့်ပတ်သက်ပြီး  ဦးရဲထွဋ်က၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားလေ့ရှိသည်။ 

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#မြန်မာသတင်း
#ဖမ်းဆီးမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required